ဒေါက်တာ အေးမောင်နှင့် အလျော်အစား နိုင်ငံရေး

Views
ခိုင်အောင်ကျော်(နယူးယောက်)
ခိုင်အောင်ကျော်(နယူးယောက်) ၏ Facebook မှကူးယူဖော်ပြသည်။

ထောင်ဒဏ် တသက်တ​ကျွန်း ကျခံနေရသော ဒေါက်တာအေးမောင်ကို သမ္မတကြီးဦး၀င်းမြင့်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မလွှတ်ပေးလျှင် မြန်မာနိုင်ငံရေးသည် အကြီးအကျယ် ပြောင်းလဲဖြစ်ပေါ် ​သွားမည်ဟု ပထမဦးစွာ ပြောထားပါရစေ။

အဘယ့်ကြောင့် ပြောင်းလဲ သွားပါမည်နည်း။

ဟုတ်ပါသည်။
ဤအကြောင်းအရာကို တိကျစွာ ရှင်းပြပါမည်။

နံပတ်-၁-အရ ပထမဦးစွာ သိထားဖို့လိုသည်မှာဒေါက်တာအေးမောင်သည် ရခိုင်လူမျိုးတို့၏ အမျိုးသားရေးခေါင်းဆောင် ဖြစ်ပါသည်။ သူ ကိုယ်တိုင်က ရခိုင်လူမျိုးများ၏ အမျိုးသားခေါင်းဆောင်အဖြစ် လူထုကလက်ခံထားသည်ကို အသိအမှတ်ပြုစွာ ရှိနေသည့်အတွက်  
အကျဉ်းထောင်ထဲမှာ တသက်တကျွန်းကျခံယင်း အသက်
 သေဆုံးသွားလျှင်လည်း သမိုင်းမှာ မော်ကွန်းကဗ္မည်း မှတ် ကျောက်တင်ကာ သေဆုံးသွားမည့် လူစားမျိုး ဖြစ်ပါသည် ။
(သူရဲကောင်းတို့သည် အသက်သေဆုံးရမည်ကို ကြောက်ရွံ့တုန်လှုပ်ကြသည် မဟုတ်)

ဒုတိယအချက်မှာ ဒေါက်တာ အေးမောင်ကို အကျဉ်းထောင်မှ မလွှတ်ပေးလျှင် ရခိုင်+ဗမာ လူမျိုးရေးမုန်းတီးမှုကို အကြီးအကျယ် ဖြစ်သွားပါ တော့မည်။

အေအေ နှင့် တိုက်ခိုက်​နေခြင်းသည် လူမျိုးရေးမုန်းတီးခြင်း မဖြစ်ဘဲ ဒေါက်တာအေးမောင်ကို ဖမ်းဆီးထောင်ချလိုက်ခြင်းသည် လူမျိုးရေးမုန်းတီးရေးအတွက် ကြီးမားသော မီးစ တစ်စ ဖြစ်ပါသည် ။

တတိယ အချက်မှာ ဒေါက်တာအေးမောင်ကို ကျဉ်းထောင်ထဲ တသက်တကျွန်း ထောင်ချထားလိုက်ခြင်းသည် ရခိုင်နိုင်ငံတော် ပြန်လည် လွတ်မြောက်ရေးကို ရရှိစေသွားခြင်း ဖြစ်ပါသည်။  

မည်သည့်အတွက်ကြောင့် ကျွန်တော်သည် ရခိုင်နိုင်ငံတော် ပေါ်ထွန်းသည့် အကြောင်းကို ပြောရဲရသနည်း ဆိုခြင်းအား ရှင်းပြပါမည်။

မျက်မှောက်မှာ ရခိုင်လက်နက်ကိုင် တော်လှန်ရေးသည် ကြီးမားသော ၂၁-ရာစု ၏ အပြောင်းအလဲကြီးတခုဖြစ်ပါသည်။

 အေအေသည် သူသေကိုယ်သေ တိုက်ခိုက်မည့် အင်အားကြီးလက်နက်ကိုင်အဖွဲ့ ဖြစ်ပါသည် ။

 ယခုပင် မြန်မာ့တပ်မတော်သည် အေအေကို စစ်ရေးအရ အနိုင်ရခြင်းမရှိဘဲ နေသည့်သတင်းများအား ကြားသိနေ ကြရပါသည် ။

မကြာခင်တွင် မြန်မာ့တပ်မတော်သည် စစ်သားစုဆောင်းရေးလည်းမရှိတော့သလို တပ်ထဲက ထွက်ပြေးသူများ- တပ်တွင်းပုန်ကန်ကြမည့်သူများ မြောက်မြားစွာ ဖြစ်ပေါ်လာပါလိမ့်မည် ။

အဘယ့်ကြောင့်ဆိုသော် ရခိုင်ကို သွားလျှင် သေတတ်သော ကြောင့် မည်သည့် မိသားစုကမျှ ရခိုင်ပြည်မှာ စစ်တိုက်ရန် မိမိတို့ သား များအား မသွား စေချင်ကြတော့ဟု သိရပါသည် ။

အေအေသည် အနာများစွာနှင့် စစ်တိုက်နေပြီး မြန်မာ့တပ်မတော်သားများသည် အသပြာကြောင့် တိုက်ခိုက်နေရ သောအခါ စစ် ရေးစွမ်းရည်သည် ကွာခြားလှပါသည် ။

ဤအခါ ရခိုင်အမျိုးသားခေါင်းဆောင်ဒေါက်တာအေး မောင်ကို ထောင်ဒဏ် တသက်တကျွန်း ထောင်ချထားသောအခါ ပို၍ လူမျိုးရေးမုန်းတီးမှုကို ဖြစ်စေပါတော့မည်။


ဒေါက်တာအေးမောင်ကို ဖမ်းထားရုံနှင့်ပင် ရခိုင်နိုင်ငံတော် ပြန်လည် ရရှိသွားမလားဆိုပြီး ဗမာလူမျိုးများက စောဒက တက်ကာ မေးခွန်းထုတ်မေးကြပါလိမ့်မည်။

ဟုတ်ကဲ့....
ဖမ်းထားလျှင် ရခိုင်နိုင်ငံတော် လွတ်လပ်ရေးကို မုချကျိန်းသေ ရရှိသွားပါမည်။

တိကျစွာ ရှင်းပြပါမည်။

အေအေသည် အတူယှဉ်တွဲကာ ပူးပေါင်းနေထိုင်ကြပါမည် ဆိုသော ကွန်ဖက်ဒရေးရှင်း မူဝါဒကို ကြေညာထားပါသည်။ ၄င်းမူဝါဒကို မြန်မာအစိုးရက လက်မခံဘဲ ဗုံးကြဲတိုက်နေသည်။ လက်နက်ကြီးများဖြင့် တိုက်နေသည် ။ အေအေကို အမြစ်ပြတ် တိုက်နေသည် ။

ဒေါ် အောင်ဆန်းစုကြည်သည် မိတ်ကပ်လိမ်းပြီး သနပ်ခါးသာ ပန်တတ်သော အလှကြိုက်သည့် မိန်းမ ၊ နိုင်ငံရေးကို နားမလည်သည့် မိန်းမ ၊ တော်လှန်ရေးကို နားမလည်သည့် မိန်းမတဦး အနေဖြင့် အေအေကို အမြစ်ပြတ် ချေမှုန်းတော့ဟု စစ်တိုက်ရန် အမိန့် ပေးခဲ့သူ ဖြစ်သည် ။

အမှန်က စစ်တိုက်ရန် အမိန့် ပေးသူသည် တပ်မတော်ကာကွယ်ရေးစစ်ဦးချုပ် ဖြစ်သင့်ပါသည်။ သို့တည်းမဟုတ် သမ္မတကြီးဦး၀င်းမြင့် သာဖြစ်သင့်ပါသည် ။

ကျွန်တော် ပြောချင်သည်မှာ သတ်ချင်ဖြတ်ချင် လုပ်တတ်သော ယောက်ျားသားများဖြစ်သည့် သူများကသာ အမိန့်ပေးစေခိုင်း ညွှန်ကြားဖို့သာ ဖြစ်သင့်ပါသည် ။

ယခု အေအေသည် အနာများစွာဖြင့် စစ်တိုက်ပါပြီ။
စစ်မြေပြင်တွင် အေအေက အနိုင်ရ နေပါပြီ ။

နောက်လာမည့် ၂၀၂၅- မတိုင်ခင် ထူးခြားသော အပြောင်းအလဲကို မြ​​င်တွေ့ ရလိမ်မည်ဟု အေအေက ကြေညာထားပါသည်။
သူတို့သည် အပြောနှင့်အလုပ်ကို ကိုက်ညီစွာ လုပ်ကြသူများ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

အကယ်၍ လက်နက်ကိုင်တိုက်ပွဲများဖြင့် တစ်ဖက်မှာ တိုက်နေသလို နိုင်ငံရေးအရ ကမ္ဘာ့ကုလသမဂ္ဂမှာ ရခိုင်နိုင်ငံသည် ကိုလိုနီနိုင်ငံဖြစ်နေသောကြောင့် အမြန်ဆုံး ကိုလိုနီနိုင်ငံဘ၀က ဖျက်သိမ်းပေးပါရန် အစီရင်ခံစာများတင်သွင်းကာ ကြားနာပွဲ ပြုလုပ်ခွင့် တောင်းဆိုပါက ကုလသမဂ္ဂသည် ကြားနာပွဲကို ပြုလုပ်ပေးရပါမည်။

အမေရိကန်တွင် ရခိုင်လူမျိုးများ ရောက်ရှိနေကြပါပြီ။ တ နေ့တွင် ရခိုင်လူမျိုးများက ကမ္ဘာ့ကုလသမဂ္ဂရုံးထဲရှိ ကိုလိုနီဖျက်သိမ်းရေး ကောင်စီတွင် ကြားနာပွဲ၌ ထိုင်နေကြသည်ကို မြင်တွေ့ရပါလိမ့်မည်။

ဤအခါ ဒေါက်တာအေးမောင်သည်် ကျွန်တော်တို့နှင့်အတူ ရခိုင်နိုင်ငံရေးလောက၌ အာဇာနည်သူရဲကောင်းအဖြစ် မြင်တွေ့ ရမည်ဟု မျှော်လင့်ထားပါသည် ။

ဒေါက်တာအေးမောင်နှင့် အလျော်အစားကို လုပ်ကြည့်ပါလို့​ပြောချင်ပါသည်။


ခိုင်အောင်ကျော် ( နယူးယောက် )