ဆရာစံကျော်ထွန်း၏ အတ္ထုပ္ပတ္တိ အကျဉ်း

Views
Sayar San Kyaw Twan
Photo - from Internet

ဆရာစံကျော်ထွန်းကို ရခိုင်ပြည် မြောက်ဦးမြို့ မြင်းစိုင်းပြင်ရွာက အဖဦးတက်တိုး(ပန်းထိန်ဆရာကြီး) နှင့် အမိဒေါ်မညို မှ ၁၉၃၆ ဇူလှိုင်လ ၂၀ ရက်၊ အင်္ဂါနေ့မှာ မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက် ရှိပြီး အငယ်ဆုံးသား ဖြစ်ပါသည်။ ယင်း ၅ ယောက်၏ အမည်များမှာ ဦးပန်းသာထွန်း၊ ဦးထွန်းရွှေဘော်၊ ဒေါက်တာလှဖြူ၊ ဦးထွန်းရွှေမောင်၊ ဦးစံကျော်ထွန်း တို့ဖြစ်သည်။


မူလတန်းပညာကို ​မြောက်ဦးမြို့တွင် သင်ကြားခဲ့ပြီး ဆဌမတန်းမှစ၍ စစ်တွေမြို့ခရစ်ယာန်ကျောင်းတွင် ပညာသင်ကြားရာ ၁၉၅၄ တွင် ၁၀ တန်းကို အောင်မြင်ခဲ့ပါသည်။ ကျောက်ဖြူမြို့ ဥပစာ ကောလိပ်တွင် ပညာဆက်လက်သင်ကြားရာ ဥပဒေ (ခ) ကို အောင်မြင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာ ဘွဲ့ရရှိခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ကိုလည်း တက်ခွင့် ရရှိခဲ့ပါသည်။ ဝိဇ္ဇာဘွဲ့ရပြီးနောက် မဟာဝိဇ္ဇာဘွဲ့ကိုဆက်လက်သင်ကြားသောအခါမှာ နိုင်ငံရေးအတွေးအခေါ် (Political Thought) နိုင်ငံရေးပါတီဖွဲ့စည်းမှု (Political Organization) နိုင်ငံတကာဆက်ဆံရေးနှင့်အရှေ့အနောက် သမိုင်းဘာသာရပ်တို့ကို သင်ခဲ့ရပါသည်။ ထိုအချိန်အခါက မဟာဝိဇ္ဇာတန်းကို လေးနှစ်ခန့် သင်ကြားရပါသည်။ တက္ကသိုလ်ကျောင်းသားဘ၀မှာ ရခိုင်တန်ဆောင်မဂ္ဂဇင်းတာဝန်ခံ ခေါင်းဆောင်တာဝန်တို့ကို ယူခဲ့သည်။


ရခိုင်တန်ဆောင်မဂ္ဂဇင်းတွင် ရခိုင်စာပေကဏ္ဍကို အစောဆုံးထည့်သွင်း ဖော်ထုတ်ပေးခဲ့သည်။ ရခိုင်ရှေးဟောင်းစာပေတို့ကို လေ့လာဖော်ထုတ်ပြီး တတ်စွမ်းသမျှအားနှင့် ရခိုင်စာပေ ပြန်လည်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ခဲ့သည်။ စစ်တွေမှာ "မုတ်သုန် လှိုင်းသံ" နှင့် အခြားသောကဗျာစာအုပ်တို့ကို ထုတ်ဝေခဲ့သည်။ ကလောင်နာမည်မှာ "အသျှင်စောမွန်" ဖြစ်သည်။


ယင်းနောက်ပိုင်း ​ဆရာစံကျော်ထွန်းသည် စစ်တွေမြို့ သူတော်မ(သီလရှင်)ကျောင်း မှာ အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တွေဓညဝတီ အလယ်တန်းကျောင်းနှင့် စစ်တွေ အမှတ် (၁) အစိုးရအထက်တန်းကျောင်းတို့မှာ အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်းခဲ့ပါသည်။


တော်လှန်ရေးကာလ

၁၉၆၃-၆၈ ရခိုင်ပြည်နယ်တော်လှန်ရေးအင်အားစု (Arakan Revolutionary Fore ARF) ၊ ၁၉၇၀ တွင် ရခိုင်ပြည်နယ်လွတ်လပ်ရေးအဖွဲ့ (Arakan Independence Organization AIO) ကို စတင်တည်ထောင်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူချုပ် (General Secretary) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ 


၁၉၇၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်က မဟာမိတ် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့်ဆက်သွယ်၍ (KIA) တပ်မဟာ(၁) လွတ်မြောက်နယ်​မြေ၊ လားရှိုးဧရိယာသို့ တောခိုလားခဲ့ရာ (KIA) တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးဇော်ဒန်၊ ဒု-တိုင်းမှူးဇော်မိုင်ရို့၏အကူအညီနှင့် ၁၉၇၀ မတ်လ (၃) ရက်နေ့မှာ မြေအောက်အဖွဲ့ ဖွဲ့စည်းခဲ့ပါသည်။


ဆရာစံကျော်ထွန်းသည် ရခိုင်ပြည်တော်လှန်ရေးအင်အားစု (ARF) ကို ရခိုင်ပြည်လွတ်မြောက်အဖွဲ့ (AIO) အဖြစ် တိုးချဲ့ဖွဲ့စည်းကာ လုပ်ဖေါ်ကိုင်ဖက်ဖြစ်သော ဦးကျော်လှိုင် (AIO) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ၊ ရဲဘော်တပ်စိပ်တစိပ်နှင့်အတူတူ ထိုင်းနိုင်ငံ (KIO) နိုင်ငံခြားရေးဌာနရှိရာသို့ သွားရောက်၍ ယင်းဒေသမှာ (KIO) ဥက္ကဌကြီးဗိုလ်ချုပ်ဇော်ဆိုင်းနှင့်​အတူ နိုင်ငံတကာရေးရာ ဆက်ဆံရေးကို တာဝန်ယူခဲ့ပါသည်။ ထိုအချိန်တွင် ဆရာစံကျော်ထွန်းကို ဇုန္ဓတ်ကြီး စံကျော်ထွန်း ဟုလည်း ခေါ်ဆိုကြသည်။


Arakan Independence Army(AIA) ကို ၁၉၇၀ -ခု မေလ (၂၀) ရက်နိန့်မှာ (KIA) ဗိုလ်မှူးကြီး ဇော်ဒန်၊ ဗိုလ်မှူးဇော်မိုင်၊ ဗိုလ်မှူးဇော်အုံ၊ ဗိုလ်ကြီးနော်ခန်းရို့က ကြီးကြပ်ပြီး ဖွဲ့စည်းပေးခဲ့ပါသည်။ ၁၉၇၁ ခုနှစ် မှာ ဇုန္ဓတ်ကြီး ထွန်းရွှေမောင် (AIO-ဥက္ကဌ) သည် ရဲဘော် (၅၀) လောက်ကို ဦးဆောင်၍ ရခိုင်ပြည်သို့ဆင်းလာခဲ့သည်။ ၁၉၇၄ တွင် ကချင်သို့ ပြန်သွားခဲ့သည်။ ၁၉၇၅ ခုနှစ် ဧပြီလတွင် ရခိုင်ပြည်သို့ ဒုတိယစစ်ကြောင်းအဖြစ် ရဲဘော်(၇၀) ကို ဦးဆောင်ပြီး ထပ်၍ ရခိုင်ပြည်သို့ ဆင်းလာခဲ့သည်။


၁၉၇၇ ခုနှစ် ဇူလှိုင်လ ၂၄ ရက်တွင် ချင်းပြည်နယ် ထန်တလန်မြို့အနီး အိန္ဒိယနယ်စပ်တွင် ရခိုင်တိုင်းပြည်နန့် လူမျိုးအတွက် တိုက်ခိုက်ယင်း အာဇာနည် ပီပီ ကျဆုံးခဲ့ရသည်။