ရက္ခိုင့်အာဇာနည် သျှင်မြဝါ

Views
သျှင်မြဝါ
ဓာတ်ပုံ - ရက္ခိုင့်အာဇာနည် သျှင်မြဝါ


သျှင်မြဝါကို သက္ကရာဇ် ၈၅၄ ခု ၊ ဝါဆိုလပြည့် ကြာသပတေးနေ့ နံနက် ၄ ဗဟိုရ်တွင် ဖွားမြင်ခဲ့သည်။ ငယ်အမည်မှာ မောင်မြဝါ ဟုခေါ်တွင်သည်။ ခမည်းတော်မှာ မင်းလှရာဇာစောမွန်၏ မြောက်ရွှေရေးတော်ဆောင် မိဖုရား၏ အကြီးတော်စိန်တင်စား ( စိုင်းတင်မြို့စား ) မဟာနန္ဒသင်္ကြန် ဖြစ်သည်။ မယ်တော်မှာ မင်းလှရာဇာစောမွန်၏ မိဖုရားစောနန္ဒီ၏ ညီမတော်၊ ဇောစောမွန် နှင့် မိဖုရားစောနန္ဒီ တို့၏သားတော် ဖြစ်သည်။


စောနန္ဒီ နှင့်ဇောယျခေမာတို့မှာ မင်းလှရာဇာစောမွန်၏ ဦးရီးတော်ဆင်ကဲ မင်းအောင်တင် နှင့် စောသန္တာ တို့၏သမီးတော်များဖြစ်ကြသည်။ မင်းဗာဘုရင် နှင့်သျှင်မြဝါ တို့မှာ အမိညီအစ်ကိုများ ဖြစ်ကြ၍ ညီအစ်ကို တော်စပ်ကြသည်။ မင်းဗာဘုရင်ကို သက္ကရာဇ် ၈၅၄ ခု ဝါဆိုလပြည့်ကျော် (၂) ရက် စနေနေ့တွင် မွေးဖွားခဲ့သည်။ မင်းဗာဘုရင်၏ ငယ်နာမည်မှာ ဘစောသီရီ ဖြစ်သည်။ မင်းဗာဘုရင်သည် သျှင်မြဝါထက် နှစ်ရက်သာ ငယ်သည်။ မဟာပညာကျော်ကို သက္ကရာဇ် ၈၅၁ တွင် ဖွားမြင်ခဲ့သည်။ မဟာပညာကျော်၏ ငယ်နာမည်မှာ မြတ်သာထွန်းဖြစ်သည်။ ထို့ကြောင့် သျှင်မြဝါ ၊ မင်းဗာကြီး ၊ မဟာပညာကျော်တို့မှာ ဖွားဘက်ရွယ်ဖော် သူငယ်ချင်းများ ဖြစ်ကြသည်။ သူငယ်ချင်း (၃) ဦးတို့သည် အဂ္ဂစိန္ဒေယျ ဆရာတော်ကျောင်း ( တောင်ညိုကျောင်းတိုက်တွင်) အသက် ၁၆ နှစ်ထိ ပညာသင်ကြားခဲ့သည်။ ထိုမှတဆင့် နောက်ထပ် ပညာဆည်ပူးရန်အတွက် အိန္ဒိယပြည် ဗာရာဏသီတက္ကသိုလ်သို့ ပညာဆက်လက်သင်ကြားရန် ထွက်ခွာခဲ့ကြသည်။ ဗာရာဏသီတွင် ဘစောသီရိ က တိုင်းပြည်အုပ်ချုပ်သောစီမံခန့် ခွဲရေးပညာ ၊ စစ်ရေးစစ်ရာ တို့ကို သင်ယူခဲ့သည်။ မြတ်သာထွန်းမှာ တရားစီရင်ရေးပညာ ၊ ဓမ္မသတ်ကျမ်း ၊ စစ်ရေးစစ်ရာတို့ကို သင်ယူခဲ့သည်။ မောင်မြဝါမှာ ဆေးဝါး မန္တာန် ၊ ဓာတ်ပြောင်း ဓာတ်ခွာ စသည့် ဂမ္ဘီရ အတတ်ပညာများကို သင်ကြားခဲ့ကြသည်။ မင်းဗာဘုရင်နှင့် မဟာပညာကျော်တို့သည် ပညာပြည့်စုံ၍ ရခိုင်ပြည်သို့ ပြန်ခဲ့ကြသည်။ သျှင်မြဝါမှာ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ သီရိဗိဿနိုး ရသေ့ကြီးထံဝင်ပြီး ၂၃ နှစ်တိုင်တိုင် ပညာဆည်းပူးခဲ့လေသည်။ သျှင်မြဝါသည် ရသေ့ကြီး ဗိဿနိုးထံတွင် ဓာတ်ပြောင်း၊ ဓာတ်ပြန်အတတ် ၊ ရုပ်ဓာတ်များကို မြူလေးပါးဖြစ်သော ရတရေမြူ ၊ ကဇ္ဇာရေမြူ ၊ အဏုမြူ ၊ ပရမာအဏုမြူ စသည်ဖြင့် ဉာဏ်ဖြင့်ခွဲစိပ်ကြည့်ပုံ ၊ ဘူတရုပ်များ စုပေါင်းပြီး သဘာဝရုပ် ၊ ကလာပရုပ်၊ ဃဏရုပ်ဖြစ်လာပုံ၊ ရုပ်ဓာတ်များကို ပေါင်းစည်းပုံ၊ ဖြိုဖျက်ပုံစသော အတတ်ပညာများ၊ ဓာတ်ရိုက်ဓာတ်ငင်အတတ်၊ ယတ္တရာလေးဆယ်၊ ပတ္တရာလေးဆယ်၊ ဝိကြမ္မ သုံးဆယ် စသောလောကီ အတတ်ပညာများကို သင်ကြားခဲ့လေသည်။


သျှင်မြဝါသည် ၂၃ နှစ်ကြာ ပညာသင်ကြား တတ်မြောက်လေသော် မိမိမွေးရပ်သို့ ပြန်လိုကြောင်း ဆရာထံ လျှောက်ထားလေသည်။ ဆရာရသေ့ က 

“မောင်မြဝါ မပြန်လေနှင့် သင်၏ပညာသည် သင့်တိုင်းပြည်အတွက် အသုံးကျလိမ့်မည်မဟုတ်၊ ငါနှင့်အတူနေ၍တရားအားထုတ်လော”

ဟုတားမြစ်ခဲ့သည်။ သို့သော်လည်း သျှင်မြဝါက 

“ဆရာသင်ပေးသောပညာကို တပည့်တော် ရခိုင်ပြည်သူပြည်သားများအတွက် အကျိုးရှိအောင် စွမ်းဆောင်ပါမည် ၊ ဘာသာ သာသနာတော်များအတွက် အကျိုးရှိအောင်စွမ်းဆောင်ပါမည်”

ဟု လျှောက်​ပန်သောအခါ ဆရာရသေ့က ပြန်ခွင့် ပြုလေသည်။ ပညာစုံ၍ ရခိုင်နိုင်ငံသို့ ပြန်လာပြီး တောင်ညိုတောင်၌ ရသေ့အသွင်ဖြင့်နေပြီး နမန္တာ ခေါ် ဓါတ်ကျမ်းကြီးကို ပြုစုလေသည်။ တောင်ညိုတိုက်အနီးရှိ သာရပဗ္ဗတတောင်အနီးတွင် လှိုဏ်ခေါင်းပြုလုပ်ပြီး တရားအားထုတ်ခဲ့သည်။ ထိုလှိုဏ်ခေါင်းကို ယနေ့တိုင် သျှင်မြဝါ လှိုဏ်ခေါင်း ဟုခေါ်ကြသေးသည်။


သျှင်မြဝါ မြောက်ဦးသို့ ရောက်ချိန်တွင် အသက်(၃၉)နှစ်ရှိခဲ့ပြီး။ ထိုစဉ် သစောသီရိမှာ မြောက်ဦးရွှေနန်းကို အုပ်စိုးနေချိန်ဖြစ်သည်။ ဘိသောညက မင်္ဂလာဆင်ယင်ကျင်းပသောအခါ သီရိသူရိယ စန္ဒာမဟာ ဓမ္မရာဇာ ဟူသောဘွဲ့ကို ခံယူတော်မူသည်။ မြတ်သာထွန်းအား မဟာပညာကျော်ဘွဲ့ကို ပေးပြီး ပညာရှိအမတ်အရာဖြင့် ခစားစေသည်။ တစ်ခါသော် မင်းဗာဘုရင်သည် ညီလာခံခေါ်ယူ ကျင်းပခဲ့သည်။ ရခိုင်ဘုရင်များသည် ညီလာခံ သဘင်ကို နံနက်အာရုံတက်ချိန်၌ ကျင်းပလေ့ရှိသည်။ ထိုသို့ ညီလာခံကျင်းပရန် စည်တော်နရီမူးက အချက်ပေးပြီး များမကြာမှီတွင် သျှင်မြဝါသည် မောက်ကလိန်တောင်ဝှေးကို ထောက်ကာ လှံစွပ် သူရဲတစ်ဦး ၊ ဓားကိုင်သူ ရဲတစ်ဦး စောင့်နေသော ညီလာခံ ပထမ တံခါးကို တားမြစ်ခြင်းမရှိပဲ ဝင်လာသည်ကို မင်းဗာဘုရင်သည် ပလ္လင်ထက်မှ မြင်တော်မူသည်။ ဒုတိယတံခါး ကို ရောက်သောအခါလည်း အစောင့်သူရဲကောင်းများက တားဆီးမှု မရှိပဲ တကြောင်းချင်း ဝင်လာသည်ကို မြင်နေရသည်။ နောက်ဆုံးတံခါးသို့ ရောက်သောအခါ မင်းဗာဘုရင်သည် ပလ္လင်ထက်မှဆင်းပြီး ရှိခိုးလျှက် ဆီးကြိုနေလေသည်။ အစောင့်များအတားအဆီးမရှိပဲ ဝင်လာသည်ကို တွေ့သဖြင့်ရန်သူမဟုတ်သည်ကိုလည်း ဘုရင်ကြီးသိရှိနေခဲ့သည်။ သျှင်မြဝါသည်် ပလ္လင်ပေါ်သို့တက် ထိုင်လိုက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ ပလ္လင်ရှေ့တွင်ထိုင်၍ ရှိခိုးနေသော မင်းဗာဘုရင်အား နဖူးတည့်တည့်ကို တောင်ဝှေးဖြင့် ချိန်ရွယ်ပြီး 

“ဟေ့ မဟာရာဇာ သင်သည် မိန်းမလော ၊ ယောက်ကျားလော၊ ငါက သင်အား မိန်းမဟူ၍မြင်သည်၊ မိန်းမ မိန်းမ မိန်းမ ”

ဟု သုံးကြိမ်ပြောဆိုပြီးပလ္လင်မှ ဆင်းကာ လာလမ်းအတိုင်း ပြန်သွားခဲ့လေသည်။


ညီလာခံတစ်ခုလုံး တိတ်ဆိတ်ညိုးငယ်သောမျက်နှာဖြင့် ဘုရင်မင်းကိုသာ ငေးကြည့်နေကြလေသည်။ မင်းဗာဘုရင်၏ မျက်နှာတော်မှာလည်း ရှက်စိတ်ကြောင့် နိန်မြန်းနေပေသည်။ ထိုအထဲတွင် မဟာပညာကျော် တစ်ယောက်သာ ရွင်ပျသောမျက်နှာဖြင့် ဘုရင်အားကြည့်နေလေသည်။ မင်းဗာဘုရင်သည် ညီလာခံကိုရုပ်သိမ်းစေပြီး စိတ်မအီမသာဖြင့် လျောင်းတော်ဦးဆောင်သို့ သွားကာ သလွန်ညောင်စောင်း၌ လဲလျောင်း အနားယူခဲ့သည်။ မဟာပညာကျော်လည်း အိမ်သို့ပြန်ကာ သူဆင်းရဲ အဝတ်အစားများကို ဝတ်၍ ဘုရင်ထံခစားဝင်လေသည်။ မဟာပညာကျော် လျောင်းတော်ဦးဆောင်သို့ ရောက်သောအခါ မင်းဗာဘုရင်မှာ မျက်စိကိုမှိတ်ပြီး တွေးနေခိုက်ဖြစ်သည်။


မင်းဗာဘုရင်မှာ မျက်စေ့ကို ဖွင့်ကြည့်လိုက်သောအခါ မဟာပညာကျော်ကို ထူးဆန်းသောအဝတ်အစားဖြင့် မြင်တွေ့ရ၍ စိုက်ကြည့်နေခဲ့သည်။ မင်းဗာဘုရင်သည် လျောင်းနေရာမှထပြီး သလွန်ပေါ်ထိုင်သောအခါ မဟာပညာကျော်သည်မင်းဗာဘုရင်အား ဤသို့လျှောက်တင်လေသည်။ 

“ ဘုန်းတော်ကြီးလှစွာသောအရှင်မင်းမြတ် ယနေ့နံနက်ညီလာခံသဘင်တွင် ရောက်လာခဲ့သောပုဂ္ဂိုလ်မှာအခြားသူမဟုတ်ပါ၊ အရှင်မင်းမြတ်၏ နောင်တော် သျှင်မြဝါဖြစ်ပါသည်။ ရသေ့အသွင်ပြောင်းနေ၍ မမှတ်မိခြင်းသားဖြစ်ပါသည်။ ၄င်းဆိုသောစကားမှာ အလွန်မင်္ဂလာရှိသောစကားဖြစ်ပါသည်။ ရခိုင်အမျိုးကို ချစ်လွန်းသဖြင့် ပြောဆိုသောစကားဖြစ်ပါသည်။ အလွန်လည်းကျေးဇူးတင်စရာကောင်းလှပါသည် "

ဟု လျှောက်ထားလေသည်။


မင်းဗာဘုရင်က မဟာပညာကျော် လျှောက်ထားချက်ကို ပြည့်စုံအောင်နောက်ထပ် လျှောက်တင်ခိုင်းလေသည်။ မဟာပညာကျော်က သျှင်မြဝါ သည် အရှင်မင်းကြီးကို မိန်းမ ဟုခေါ်ရခြင်းမှာ 

“အရှင်မင်းကြီးသည် လင်ယောက်ကျား၏ ဧည့်သည်တာဝန်ကို တာဝန်ကျေအောင်ဧည့်ခံနေသော မိန်းမနှင့်တူနေပါသည်။ အကြောင်းမှာ အရှင့်ဖခမည်းတော် စလတ္တာစောမွန်လက်ထက်က ရောက်နေသော မော်လဝီများ ဖြစ်ကြသည့် ကာဒီ ၊ ဆာဒူခန် ၊ မူရှား တို့သည် သူတို့သဘောအလျှောက် ဗလီများဆောက်၍ မူဆလင်သာသနာပြုနေကြပါသည်ကို အိမ်ရှင်တစ်ယောက်အနေဖြင့်မည်သို့မျှ မကန့်ကွက်လျှင် သဘောတူရာရောက်ပြီး အိမ်ရှင်၏ မယားဝတ် ကျေသလိုဖြစ်နေ၍ သျှင်မြဝါက အရှင်မင်းကြီးအား မိန်းမဟုခေါ်ဆိုခြင်း”

ဖြစ်ပါသည်။ ထိုအခါ မင်းဗာဘုရင်က မဟာပညာကျော်အား သို့ဖြစ်လျှင်မည်သို့ဆောင်ရွက်ရမည်ကို လျှောက်တင်စေသည်။


မဟာပညာကျော်က ဘေးလောင်းတော် မင်းစောမွန်လက်ထက်က သူရတန်မင်းအား ပေးအပ်ခဲ့ရသော ရခိုင်ဒေသဖြစ်သည့် ဘင်္ဂလားနယ်ကို ပြန်လည် သိမ်းယူရရှိအောင်ကြံဆောင်ရပါမည်။ “ကုလားပုစွန် တဆယ့်နှစ်တန်ကိုမကျော်ရ ” ဟူ၍စကားရှိပါသည်။ အရှင်မင်းကြီးသည် မင်းစောမွန်မှ စ၍ ရေတွက်သော် တစ်ဆယ့်နှစ်ကိုရောက်နေပါသည်။ ယင်းကြောင့် ဘင်္ဂလား ၁၂ မြို့ကို ရရန် သင့်တော်ပြီဖြစ်ကြောင်း တင်လျှောက်ခဲ့သည်။ ထိုအခါ မင်းဗာဘုရင်သည် သျှင်မြဝါပြောသောစကားကို သဘောပေါက် နားလည်လက်ခံကာ မဟာပညာကျော်အား စစ်ချီတက်ရန် စီမံခန့်ခွဲစေပြီး မဟာနန္ဒသူရ ဘွဲ့ရာထူးဖြင့် သက္ကရာဇ် ၈၉၄ ခု ၊တန်ဆောင်မုန်းလပြည့် (၉)ရက်နေ့တွင် စစ်ချီတက်တော်မူပြီး မောက်သူဇာ ၊ ဒက္ကာ ၊ ဂန်ဘီလာ ၊ သီလတ် ၊ ပဋိတ္တရား ၊ ဂင်္ဂါသာရ ၊ စစ်တကောင်း ၊ ဂေဏတော်ပလ္လင် ၊ ကံသာ ၊ တိလိင်္ဂါ ၊ ဘာရီဆာရ် ၊ ရောင်ပုရ် ၊ စသော ဘင်္ဂါး (၁၂)မြို့ ကို ချီတက် သိမ်းပိုက်ခဲ့လေသည်။ စစ်အောင်နိုင်၍ ဘင်္ဂါး (၁၂) မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အပြန်တွင် ဗုဒ္ဓဂါယာမှာ ကုသိုလ်ကောင်းမှုပြုခဲ့လေသည်။ မဟာဗောဓိ စေတီတော်ကြီးကို ပြန်လည်ပြုပြင်ခဲ့သည်။ ပြိုပျက်နေသော စေတီပုထိုးတို့မှ မရေတွက်နိုင်အောင်များပြားလှသော ဓါတ်တော် မွေတော်တို့ကို ယူဆောင်ပြီး မြောက်ဦး သို့ ယူဆောင်ပြီး ပြန်ခဲ့လေသည်။ မင်းဗာဘုရင် မြောက်ဦးမြို့သို့ ရောက်၍ များမကြာမှီ ပေါ်တူဂီတို့သည် ရေတပ်အင်အားများစွာဖြင့် မြောက်ဦးကို တိုက်ခိုက်ရန် ရောက်လာခဲ့ကြသည်။ ၄င်းပေါ်တူဂီ ရန်ကိုလည်း ရခိုင်ပညာရှိ အရက်သေမ ဆရာတော်က အသက်ကိုစွန့်ပြီး ကြံဆောင်သဖြင့် အောင်မြင်ခဲ့လေသည်။ မင်းဗာဘုရင်သည် မဇ္စိုမဒေသမှ ရရှိခဲ့သော ဓာတ်တော်မွေတော်များကို ဌာပနာ ထည့်၍ စေတီဆောက်ရန် သျှင်မြဝါအား တိုင်ပင်ခဲ့လေသည်။ ဖိုးခေါင်တောင်ကိုညှိလျှက် မဏ္ဍိုင်ငါးရပ်ကို ဓာတ်တော် မွေတော်ပေါင်း သျှစ်သောင်း ၊ အရွယ်အစားအမျိုးမျိုးရှိသော ဘုရားဆင်းထုတော်ပေါင်း သျှစ်သောင်း ကိုဌာပနာ၍ သျှစ်သောင်းပုထိုးတော်ကြီးကို သက္ကရာဇ် ၈၉၇ ခု ၊ တန်ဆောင်မုန်းလပြည့်နေ့ နေထွက်ချိန်တွင် တကမ္ဘာလုံးအေးချမ်းမှုရှိရန် ရည်ရွယ်ပြီး ပန္နက် ရိုက်ခဲ့သည်။ ကုလားရန် နှင့် ပေါ်တူဂီတို့၏ ရန်ကို အောင်မြင်ခဲ့သည့် အတွက် ရန်အောင်ဇေယျ ပုထိုးတော်ကြီးဟုလည်း ခေါ်သည်။ သျှင်မြဝါသည် မြို့အတွက် အကာကြီး အကာငယ်တို့ကို စီမံခဲ့လေသည်။ နောက်ဆုံးတွက် မြို့သက် တစ်ထောင် ရှည်စေရန် အတွက် မိမိအသက်ကိုစတေးသွားခဲ့သည်။ သျှင်မြဝါသည် မိမိတွက်ချ၍ အချိန်စေ့ရောက်သောအခါ ကြာသပတေးသားကို စတေး ရမည်ဖြစ်နေ၍ အခြားလူအသက်ကို မသတ်လိုသည်က တစ်ကြောင်း ၊ စတေးရမည့်သူကို အချိန်မရဖြစ်နေသည်က တစ်ကြောင်း စသော အကြောင်းများကြောင့် မိမိဝမ်းဗိုက်ကို ဓားဖြင့်ထိုးပြီး အူ ကို မြို့ချာတိုင်၌ ရစ်ပတ် ကာ ၊ သူသေဆုံးသော နေရာတွင် မြေမြုပ် သဂြိုလ်ရန် မှာထားခဲ့လေသည်။ အူရစ်ပတ်ခြင်း ကုန်ဆုံးသည်နှင့် မြေပြင်ပေါ်သို့ လဲကျသေဆုံးခဲ့သည်။ သျှင်မြဝါသည် သက်တော် ၄၅ နှစ် သက္ကရာဇ် (၈၉၉ )ခုနှစ်တွင် တိုင်းပြည်

အတွက်အသက်ကို စတေးခဲ့သော အာဇာနည်မျီုးချစ်ပုဂ္ဂိုလ် ဖြစ်ပေသည်။ မင်းဗာဘုရင်မှာ ပညာရှိတစ်ဦး ဆုံးရှုံးသဖြင့် ယူကြုံးမရ ဝမ်းနည်းခဲ့ရသည်။ ရခိုင်နိုင်ငံ၏ ကျေးဇူးသျှင် ပညာရှိကြီးအား မြေတွင်မြုပ်၍ သာမန် လူတစ်ဦး ကဲ့သို့ သဂြိုလ်မှုကို မပြုလိုပေ၊ ယင်းကြောင့် မင်းဗာဘုရင်က ပညာရှိတစ်ဦးအား သင့်တင် လျှောက်ပါတ်သောနေရာ၌ အခမ်းအနားကြီးကျယ်ဖြင့် သဂြိုလ်မည်ဖြစ်ကြောင်း အမိန့်ထုတ်၍ မီးသဂြိုလ်ပြီး သျှစ်သောင်းဘုရား၏ တောင်ဘက် ၊ ဘုရားပေါင်း တောင်စွယ်တွင် အရိုးပြာကို ဂူသွင်းထားခဲ့လေသည်။ ထိုနေရာကို သျှင်မြဝါ သင်္ချိုင်းဟုခေါ်သည်။ သျှင်မြဝါသေဆုံးသောအခါ သျှင်မြဝါအားလှူဒါန်း၍ ရရှိသော ရွှေငွေ ပစ္စည်းတို့နှင့် သျှင််မြဝါ ၌ ကျန်ခဲ့သော ပစ္စည်းများကို ဌာပနာပြီး မင်းဗာဘုရင်သည် သက္ကရာဇ် ၈၉၉ ခု ခရစ်နှစ် ၁၅၈၇ တွင် သျှင်မြဝါစေတီကို တည်ထားခဲ့သည်။ စေတီရှိသောတောင်ကိုလည်း သျှင်မြဝါတောင်ဟု ခေါ်တွင်ခဲ့လေသည်။


ကိုးကားသောစာအုပ်များ

  • ၁။ ဆရာကြီးဦးသာထွန်းရေးသားသော သျှင်မြဝါအကြောင်းလက်ရေးစာမူ
  • ၂။ ရာဇဝင်ဆရာကြီးဦးသာထွန်းအောင်ရေးသားသော ရခိုင်မဟာရာဇဝင်တော်ကြီး
  • ၃။ ရမ်းဗြဲတောင်ကျောင်း ဆရာတော် အသျှသင် စန္ဒမာလာ လက်ရေးဖြင့်ရေးသားသော ရခိုင်ရာဇဝင်သစ်ကျမ်း
  • ၄။ ဦးကျော်ကျော်လှ ( ရခိုင်အာဇာနည် သျှင်မြဝါ အတ္ထုပ္ပတ္တိ စာအုပ် )
  • ၅။ မြောက်ဦးမြို့ထင်ရှားသော ဘုရားများ၏သမိုင်း ( မြောက်ဦးဂေါပက အဖွဲ့ )