ရက္ခိုင့်ဂုဏ်ဆောင် ထူးချွန်အောင်မြင်ဆုံး အမျိုးသမီးစာဆို ၊ နော်မံဂုဏ်ဆောင် မကြန်

Views
Daw Kyin
 

        အဖ ဦးကျော်ထွန်း နှင့် အမိ ဒေါ်ငွေနှစ် တို့မှ ၁၉၁၉ ခုနှစ်၊ ဇူလှိုင်လ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မွေးဖွားခဲ့ပါသည်။ အမည်ရင်းမှာ ဒေါ်ကြန်ဖြစ်သည်။

        ၁၉၃၅ ခုနှစ်တွင် သံတွဲမြို့ အစိုးရဟိုက်စကူးကျောင်းမှ ဟိုက်စကူးဖိုင်နယ် အောင်မြင်ခဲ့သည်။ ယင်းကျောင်းတွင်ပင် အလယ်တန်းပြ ဆရာမအဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်သည်။ ရခိုင်တိုင်း စာတိုက်ဌာန၊ သံတွဲစာတိုက်နှင့် စစ်တွေစာတိုက်တို့တွင် အထက်တန်းစာရေးအဖြစ် အမှုထမ်းခဲ့သည်။

        ၁၉၅၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပြီး အထူးတန်းအခွင့် အရေးရသဖြင့် ဝိဇ္ဇာဘွဲ့ ကို (၃)နှစ်ဖြင့် ၁၉၅၄ ခုနှစ်တွင် ရရှိသည်။ ၁၉၅၉ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ (သမိုင်း) ကို ရရှိသည်။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြအဖြစ် (၂) နှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၅၆ခုနှစ်တွင် သမိုင်းကော်မရှင် (သမိုင်းသုတေသနဦးစီးဌာန)တွင် ကျမ်းပြုအရာရှိအဖြစ် ခန့်အပ်ခြင်းခံရသည်။

Daw Kyin

        ၁၉၅၇ ခုနှစ်နှင့် ၁၉၅၉ ခုနှစ်များတွင် မြန်မာ့သမိုင်း အထောက်အထားများ ကူးယူစုဆောင်းရေးစီမံကိန်း အရ အင်္ဂလန်နိုင်ငံသို့ သွားရောက် အမှုထမ်းခဲ့ရသည်။

        ၁၉၇၇ခုနှစ်တွင် Cultural Award Scheme အစီအစဉ်ဖြင့် သြစတြေးလျနိုင်ငံ မြို့ကြီး များသို့ သွားရောက်လေ့လာခဲ့သည်။ အငြိမ်းစားယူပြီးနောက် သမိုင်းသုတေသန ဦးစီးဌာနမှာပင် အကြံပေးပုဂ္ဂိုလ်အဖြစ် (၄) နှစ် တာဝန်ထမ်းဆောင်သည်။ အမှတ်(၁) စက်မှုဝန်ကြီးဌာနတွင် " မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်း”ကို အကြံပေးပုဂ္ဂိုလ်အဖြစ် ဝင်ရောက်ရေးသား ပြုစုခဲ့သည်။ 


သမိုင်းသုတေသနစာတမ်းများ၊ ဆောင်းပါးများ၊ စာအုပ် များ ရေးသားပြုစုတည်းဖြတ်ခဲ့သည်။ 

    * ၁၉၇၈ ခုနှစ်တွင် " မြန်မာနိုင်ငံ အခြေအနေ (၁၈၈၅-၈၆) ” စာအုပ်၊ 

    * ၂၀၀၂ ခုနှစ်တွင် " သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ ” စာအုပ်၊

    * ၂၀၀၃ ခုနှစ်တွင် " မဟာဝန်ရှင်တော်မင်းကြီးအုပ်ချုပ်ရေး (၁၈၈၆-၉၇)" ၊ 

    * ၂၀၀၅ ခုနှစ်တွင် " ကိုလိုနီခေတ်ဦး ကျေးရွာအုပ်ချုပ်ရေး (၁၈၈၆-၉၇) " ၊

    * ၂၀၀၉ ခုနှစ်တွင် ကုန်းဘောင်ခေတ် အခွန်တော်ရေးရာ” (သုတပဒေသာ-ဝိဇ္ဇာ) စာအုပ်တို့ဖြင့် အမျိုးသားစာပေဆုများ ရရှိခဲ့သည်။

၂၀၀၄ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေ ဆုကို ချီးမြှင့်ခြင်းခံရသည်။ 

၂၀၀၆ ခုနှစ်တွင် ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ပထမဆင့်)ကို ရရှိခဲ့ပြီး ထိုနှစ်မှာပင် အမျိုးသားစာပေ တစ်သက်တာဆုကို ရရှိခဲ့သည်။

အသက်(၁၀၀)ပြည့် မွေးနေ့

၂၀၁၈-ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့တွင် ဆရာမကြီး အသက်တစ်ရာပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို့၊ ကုန်သည်လမ်း၊ စာပေဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်သည်။ ဆရာမကြီးအား ကြည်ညိုလေးစားသူများက ရာပြည့်သမိုင်း ဒေဝီဟူသော အမည်ဖြင့် စာအုပ်ထုတ်ဝေ ဂါရဝပြုခဲ့ကြသည်။

ကွယ်လွန်ခြင်း

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၁၆) ရက်၊ စနေနေ့ ည (၈း၀၀) နာရီခန့်တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၁၀၂)နှစ် ရှိပြီ ဖြစ်သည်။