စစ်တွေညိုသန့် ၏ အတ္ထုပ္ပတ္တိ အကျဉ်း

Views
Photo - from Sittwe Nyo Thant 's facebook

    
    စစ်တွေညိုသန့်၏ အမည်ရင်းမှာ ဦးထွန်းအောင်ရွှေ ဖြစ်သည်။ အဖ ဦးရွှေတိုင် (အလယ်တန်းကျောင်းအုပ်ဆရာကြီး)၊ အမိ ဒေါ်ဒေါနဖြူ တို့မှ ၁၉၅၁ - ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှာ စစ်တွေမြို့၌ ဖွားမြင်ခဲ့သည်။ မွေးချင်း (၁၂) ယောက်အနက် ပဉ္စမမြောက်သား ဖြစ်သည်။ 
        ငယ်စဉ်က ဖခင်တာဝန်ကျရာ မြောက်ဦးမြို့တွင် နေထိုင်ကြီးပြင်းခဲ့ပြီး၊ စစ်တွေ အ.ထ.က (၁) မှဆယ်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၃ - ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာ (မြန်မာစာ) ဘွဲ့ကို ရရှိခဲ့သည်။
       ၁၉၇၄ - ခုနှစ် မေလ (၂) ရက်နေ့တွင် ဒေါ်တင်ဦး နှင့် အိမ်ထောင်ပြု အကြောင်းပါခဲ့သည်။  ၁၉၈၉ - ခုနှစ်တွင် ချစ်ဇနီး ဒေါ်တင်ဦး ကွယ်လွန်ပြီးနောက် သားသမီး (၄) ဦးနှင့်အတူ စစ်တွေမြို့၊ အိုးတန်းရပ်ကွက်၊ ကမ်းနားလမ်းတွင် လက်ရှိနေထိုင်လျက်ရှိပြီး၊ မြန်မာစာပြ ပြင်ပဆရာအဖြစ် ဘဝကို ရပ်တည်လျက်ရှိသည်။

ဘဝအစောပိုင်း

         အသက် (၁၄) နှစ်သားအရွယ်ကပင် ကဗျာစတင်ရေးသားခဲ့ပြီး၊ (၁၉၇၃)ခု၊ မတ်လထုတ် ငွေတာရီ မဂ္ဂဇင်းပါ "ကပိလဝတ်ခရီး" ကဗျာဖြင့် စာပေလောကကို စတင်ဝင်ရောက်ခဲ့သည်။ တိုင်းရင်းမေ ဂျာနယ်၊ ယုဝတီ ဂျာနယ်၊ ငွေတာရီမဂ္ဂဇင်း၊ မဟေသီ မဂ္ဂဇင်း၊ နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း ၊ ရတနာပန်းခင်း မဂ္ဂဇင်း၊ ဒဂုံ မဂ္ဂဇင်း၊ တို့ကျောင်းသား စာစောင် စသည့် စာနယ်ဇင်းများနှင့် ဒေသထုတ် မြို့နယ် မဂ္ဂဇင်းများတွင် ကဗျာများ ဆက်တိုက်ရေးသားခဲ့သည်။ 
      "မောင်ကြီးသျှင်ပြောမေ" ရခိုင်သံ သံချပ်ကို ကိုယ်တိုင်ရေးသားစီစဉ်ပြီး၊ ပါဝင်သီဆို ထုတ်ဝေခဲ့သည်။ စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့မှ တင်ဆက်သည့် အငြိမ့်ခန်း နှင့် ပြဇာတ်ပေါင်းများစွာတို့ကို ဒါရိုက်တာအဖြစ် စီစဉ်တင်ဆက်ခဲ့သည်။ စစ်တွေတက္ကသိုလ်ဖွင့်ပွဲ၊ ဗုဒ္ဓပြတိုက်ဖွင့်ပွဲ၊ စစ်တွေစျေးသစ်ကြီးဖွင့်ပွဲ နှင့် လမ်းတံတား ဖွင့်ပွဲဆိုင်ရာ ရတုများစွာကိုလည်း ရေးသားခဲ့သည်။ 


အောင်မြင်မှုရရှိခဲ့သော ဆုများ

  • (၁၉၆၉) မန္တလေးတက္ကသိုလ် သမိုင်းအသင်း ခရီးသွားဆောင်းပါးပြိုင်ပွဲ တတိယဆု
  • (၁၉၇၂) ခုနှစ်၊ မန္တလေးတက္ကသိုလ် စာဆိုတော်နေ့ စာပေပြိုင်ပွဲ ကဗျာ တတိယဆု
  • (၁၉၇၃) ခုနှစ်၊ လွတ်လပ်ရေးနေ့ ငွေရတု အထိမ်းအမှတ် မန္တလေးတိုင်း စာပေပြိုင်ပွဲ ကဗျာ ဒုတိယဆု
  • (၁၉၇၆) ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ကဗျာ ဒုတိယဆု
  • (၁၉၇၉) ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ကဗျာ ဒုတိယဆု
  • (၂၀၀၂) ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် စာပေပြိုင်ပွဲ ကဗျာ နှစ်သိမ့်ဆု
  • (၂၀၀၅) ခုနှစ် အမေ့မေတ္တာ စာမူပြိုင်ပွဲ ကဗျာရှည် ဒုတိယဆု
  • (၂၀၀၇) ခုနှစ် ဆရာဇော်ဂျီ ရာပြည့်အထိမ်းအမှတ် ဖိတ်ခေါ်ကဗျာပြိုင်ပွဲ တတိယဆု
တို့ကို အသီးသီး ရရှိခဲ့သည်။ 

       ရခိုင်မဂ္ဂဇင်း ကော်မတီ ဒုတိယ ဥက္ကဌ၊ ရခိုင်မဂ္ဂဇင်း အယ်ဒီတာ အဖွဲ့ဝင်၊ ရခိုင့်ယဉ်ကျေးမှု အဖွဲ့ဝင်၊ ပြည်နယ်အဆင့် ဆိုကရေးတီးပြိုင်ပွဲ အရေးပြိုင်ပွဲ နှင့် ယိမ်းအကပြိုင်ပွဲတို့တွင် ဒိုင်ချုပ်၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင် အဖြစ် စာပေယဉ်ကျေးမှုဆိုင်ရာ တာဝန်များ ထမ်းဆောင်ခဲ့သည်။