ရခိုင်နိုင်ငံရေးကို လက်တွေ့ကျကျ ချဥ်းကပ်ခြင်းအမြင်

Views

Aung Kyaw Sein ၏ ပိုစ့်မှ ကူးယူဖော်ပြထားပါသည်။

၁၂ -၂ -၂၀၂၂ နေ့က နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုနေ့ စိန်ရတုအခမ်းအနားသို့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး ဝါရင့်ရခိုင်နိုင်ငံရေးသမားဦးဦးလှစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်ကို တွေ့မြင်ရ၏။ ထိုကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည့်ကိစ္စအပေါ် ရခိုင်နိုင်ငံရေးလောက၌ အမြင်အမျိုးမျိုးကွဲပြားနေသည်ကို တွေ့မြင်ရ၏။

ရခိုင်လူမျိုးများအကြားတွင် အမြင်ကွဲပြားမှုများကို ဆန်းစစ်ကြည့်ရလျှင် ဗမာနောက်မြီးဆွဲ အတွေးအခေါ် လောင်းရိပ်အောက်မှ ဖေါက်မထွက်နိုင်သည့် အမြင်မျိုးကိုတွေ့ရ၏။

အမှန်စင်စစ် ရခိုင်နိုင်ငံရေးသည် ဗမာနိုင်ငံရေးနှင့် သီးခြားဆန်သောအခင်းအကျင်းကို လျှောက်လှမ်းနေပြီဖြစ်သည်ကို သတိမပြုမိခြင်းဟုဆိုနိုင်၏။

ဗမာနောက်မြီးဆွဲ အတွေးအခေါ်ရှိသူတို့၏ အမြင်တွင် မြန်မာနိုင်ငံရေး၌ စစ်အာဏာရှင်စနစ် ပြုတ်ကျလျှင် ဒီမိုကရေစီရမည်။ ဒီမိုကရေစီရလျှင် ဖက်ဒရယ်ရမည်ဟု မြင်ကြသည်။ ဒီမိုကရေစီသည် ဗမာအချင်းချင်းအကြားတည်ရှိနေသော အရပ်ဖက် - စစ်ဖက် ပြဿနာသာဖြစ်၏။ ဖက်ဒရယ်စနစ် တည်ဆောက်ရန် အတားအဆီးမှာ ဗမာလူမျိုးကြီးဝါဒသာဖြစ်၏။ ထို့ကြောင့် ဒီမိုကရေစီရသည့်တိုင်အောင် ဖက်ဒရယ်မရနိုင်သည်ကို နားလည်ရန်လို၏။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်တွင် အများစု၏ သဘောဆန္ဒကို အနည်းစုက လိုက်နာရ၏။ အနည်းစု၏ ဆန္ဒကို အများစုက မဲခွဲဆုံးဖြတ်အနိုင်ယူလျှင်အနည်းစုအနေဖြင့် လိုက်နာရုံသာရှိ၏။ ၂၀၁၅ -၂၀၂၀ ကာလ NLDပါတီအစိုးရသက်တမ်းတွင် ရခိုင်ပြည်နယ်မှ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များတင်သွင်းသော အဆိုများကို NLDပါတီမှ အမတ်များ၏ ဆန္ဒမဲဖြင့် အနိုင်ယူခြင်းမျိုးဖြစ်၏။ နောက်ပိုင်းတွင် ရခိုင်အမတ်များ တင်သွင်းသော မေးခွန်းများ၊ အဆိုများကို လွှတ်တော်ဥက္ကဌများက အစိုးရကို ဝေဖန်ထောက်ပြသည်ဆိုကာ ပိတ်ပင်တားဆီးမှုမျိုး ကြုံတွေ့ခဲ့ရ၏။ ထို့ကြောင့် ဒီမိုကရေစီ ရသော်လည်း ဗမာအများစု၏ မဲဖြင့် တားဆီးအနိုင်ယူမည်မှာ သေချာ၏။

မြန်မာနိုင်ငံရေးတွင် ဗမာများအတွက် အရပ်ဖက် - စစ်ဖက်ပြဿနာသာရှိ၏။ ထို့ကြောင့် NLDပါတီကို မထောက်ခံသူအား စစ်အာဏာရှင်စနစ်ကို ထောက်ခံသူဟု အမြင်ရှိကြ၏။ သို့ရာတွင် ရခိုင်လူမျိုးတို့အတွက်မူ စစ်အာဏာရှင်စနစ်အပြင် ဗမာလူမျိုးကြီးဝါဒအတားအဆီးရှိ၏။ ရခိုင်နိုင်ငံရေးကို ဗမာနိုင်ငံရေးနှင့် တစ်ထပ်တည်း ရှုမြင်ခြင်းသည် ဗမာနောက်မြီးဆွဲ အတွေးအခေါ် လောင်းရိပ်မိနေခြင်းဖြစ်၏။

လက်ရှိ ရခိုင်နိုင်ငံရေးအခင်းအကျင်း၌ ရွေးကောက်ခံNLDပါတီအစိုးရ ပေးခဲ့သော သင်္ခန်းစာများအရ ပါတီနိုင်ငံရေး၊ လွှတ်တော်နိုင်ငံရေးကို ရခိုင်လူထုက စိတ်ပျက်သွားပြီဖြစ်၏။ ရခိုင်နိုင်ငံရေးတွင် လစ်ဟာသွားသော နိုင်ငံရေးလေဟာနယ်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်တပ်တော်ကနေရာ ယူသွားပြီဟု ဆိုရမည်ဖြစ်၏။ ရခိုင်နိုင်ငံရေးကို စိတ်ဝင်စားသော နိုင်ငံရေးသမားများ၏ လျှောက်စရာလမ်းကြောင်းကို လမ်းခင်းပေးထားသည့် သဘောဖြစ်သွား၏။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဦး​ဦးလှစောအား ULA အဖွဲ့၏ နိုင်ငံရေးမှူးအဖြစ် တွေ့မြင်ရသည့်အခါ တစ်ချို့ကအံ့ဩသင့်ကြသည်ကို တွေ့ရ၏။ အမှန်စင်စစ် နိုင်ငံရေးသမားတစ်ဦးသည် မိမိယုံကြည်ရာကို ရွေးချယ်ခွင့်ရှိ၏။ ပါလီမန်ခေတ်တွင် ရတည (ရခိုင်တိုင်းရင်းသားများ ညီညွတ်ရေးပါတီ) လုပ်ခဲ့သော ရခိုင်နိုင်ငံရေးသမားတို့သည် မဆလပါတီတွင် ကူးပြောင်းခဲ့ကြ၏။ နိုင်ငံရေးသမားတစ်ဦးသည် ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါခြင်း မပြုနိုင်လျှင် နိုင်ငံရေးလောကမှ အနားယူရုံသာ ရှိ၏။

ရခိုင်ပါတီနိုင်ငံရေးတွင် ALDပါတီသည် ၁၉၉၀ ပြည့်နှစ်ပတ်ဝန်းကျင်က ရခိုင်လူထုထောက်ခံမှု အတော်အသင့် ရှိခဲ့သည်ကို ရွေးကောက်ပွဲရလဒ်အရ တွေ့မြင်ရသည်။ သို့ရာတွင် ALDပါတီသည် မြန်မာ့နိုင်ငံရေးရေစီးကြောင်းကို မှန်ကန်စွာ သုံးသပ်နိုင်ခြင်းမရှိဟု ဆိုရမည်။

၂၀၁၀ ပြည့်နှစ်တွင် သမိုင်းအလှည့်အပြောင်းပေါ်၏။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်သည် ဂျွန်ယက်တောအမှုဖြင့် ပြစ်ဒဏ်ကျခံနေရဆဲ ဖြစ်၍ ပါတီထောင်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့်မရှိခဲ့ပေ။ ALDပါတီသည် ကိုယ်ပိုင်နိုင်ငံရေးလမ်းစဉ်ဖြင့် ရပ်တည်ခဲ့မည်ဆိုပါက ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ခွင့်ရှိ၏။ သို့ရာတွင် ပါတီခေါင်းဆောင်တစ်ချို့သည်၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံ၊ ထိုဥပဒေအရ ပါတီမထောင် ရွေးကောက်ပွဲမဝင်ဟု ကြွေးကြော်ခဲ့ကြ၏။ ထိုအခါ ALDပါတီခေါင်းဆောင်တစ်ချို့ အပါအဝင် ရခိုင်နိုင်ငံရေးအင်အားစုတို့သည် ခေတ်ရေစီးကြောင်းအတိုင်း RNDP ပါတီကို ထောင်ကာ ရွေးကောက်ပွဲဝင်ခဲ့ကြ၏။ RNDPပါတီသည် ရခိုင်နိုင်ငံရေး၏ ဦးဆောင်နေရာ ရသွား၏။

၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်ဒဏ်ကာလစေ့ရောက်၍ ပါတီထောင်ခွင့်ရလာ၏။ ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲအတွက်ပါတီ မှတ်ပုံတင်၏။ ထိုအခါမှ ALDပါတီ သည်လည်း NLDပါတီနောက်သို့ လိုက်ကာပါတီထောင်ရာ ရခိုင်လူမျိုးကိုယ်စားပြု ပါတီနှစ်ခုကွဲသွား၏။ ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံး၏ မေတ္တာရပ်ခံချက်ကြောင့် ANPပါတီအဖြစ် ပေါင်းစည်းခဲ့သော်လည်း ALDပါတီခေါင်းဆောင်များသည် သူတို့ပါတီသာ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံ နှင့်အတူ ပေါ်ပေါက်လာသည်ဆိုကာ ရခိုင်နိုင်ငံရေး၏ ဦးဆောင်နေရာကို ရယူလိုကြ၏။ သို့ရာတွင် သံတွဲညီလာခံ၌ မှန်းထားသည့်အတိုင်း ဖြစ်မလာသည့်အခါ ပါတီသစ်ထောင်ရန် ဦးတည်သွား၏။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအလွန်ကာလ၌ ANP ပါတီအဖြစ် တည်ရှိသေးသော်လည်း ပါတီခေါင်းဆောင်များသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အကြပ်အတည်းဟု အကြောင်းပြကာ NLDပါတီဖက်မှ ရပ်တည်ပေးခဲ့ကြ၏။သို့ရာတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူအဖြစ် ALDပါတီခေါင်းဆောင်များက အထင်ကြီးလေးစားကြည်ညိုခဲ့ကြသော NLD ပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သည် မဟာမိတ်တိုင်းရင်းသားပါတီများနှင့် လက်တွဲဖြုတ်ကာ တပ်မတော်နှင့်သာ အမျိုးသားရင်ကြားစေ့ရေးကို လုပ်ဆောင်လာသည့်အခါမှ သူမသည်လည်း မဟာဗမာလူမျိူးကြီးဝါဒီတစ်ဦး ဖြစ်ကြောင်း လက်တွေ့သိနားလည်လာကြ၏။ သို့ရာတွင် ALDပါတီမှာ ရခိုင်လူထုထောက်ခံမှု ကျဆင်းသွား၏။ ဤသည်မှာ နိုင်ငံရေးရေစီးကြောင်းအတိုင်း လိုက်လျောညီထွေ မကစားတတ်ခြင်း၏ အကျိုးဆက်အဖြစ် နမူနာယူစရာ သုံးသပ်ပြခြင်းဖြစ်သည်။

ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောသည် နိုင်ငံရေး ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေကစားတတ်သူအဖြစ် သူ ဖြတ်သန်းဖူးသည့် နိုင်ငံရေးအတွေ့အကြုံအရ ခန့်မှန်းနိုင်၏။ သူနှင့်အတူ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၌ ဝင်ရောက်တာဝန်ထမ်းဆောင်နေသူ ပါတီနိုင်ငံရေးသမားများကိုလည်း အလားတူ ရှုမြင်နိုင်၏။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော်သည် တော်လှန်ရေးအဖွဲ့အစည်တစ်ခုသာဖြစ်ရာ အခွင့်အရေးရစရာ မရှိသဖြင့် သူတို့အား သာကူးနိုင်ငံရေးသမားများအဖြစ် သတ်မှတ်၍ မရပေ။ မိမိတို့၏ နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံကို ရခိုင်လူထု၏ လိုအင်ဆန္ဒအတိုင်းကျရာတာဝန်ထမ်းဆောင်ခြင်းသာ ဖြစ်၏။

ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောခေါင်းဆောင်သော ULA ကိုယ်စားလှယ်အဖွဲ့ နှင့် တပ်မတော်တွေ့ဆုံဆွေးနွေးမှုအပေါ် ရခိုင်နိုင်ငံရေးလောကတွင် အမြင်ကွဲပြားမှုများကို တွေ့ရ၏။ ဤအမြင်မှာ ULA/AAအဖွဲ့အား တပ်မတော်နှင့် ပူးပေါင်းသည်ဟုပင် စွပ်စွဲကြ၏။ ULA/AA အဖွဲ့သည် ကိုယ်ပိုင်ရက္ခိတလမ်းစဉ်ဖြင့် လျှောက်လှမ်းနေပြီး၊ ဗမာနောက်လိုက်အဖြစ် မလိုက်ပါတော့ကြောင်းကို တပ်မှုးချုပ်၏ အင်တာဗျူးအရ တွေ့မြင်ရ၏။

နိုင်ငံရေးတွင် တွေ့ဆုံဆွေးနွေးမှုသည် အဆင့်မြင့်ယဉ်ကျေးမှုတစ်ခုဖြစ်၏။ ၁၉၉၀ပြည့်လွန်နှစ်များက ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်နှင့်တွေ့ဆုံဆွေးနွေးရန် တောင်းဆိုဖူး၏။ တပ်မတော်အား " တွေ့ဆုံဆွေးနွေးမည်လား၊ အလုံးစုံပျက်သုဉ်းခံမည်လား" ဟုပင် စိန်ခေါ်ဖူး၏။ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရပ်သည် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံဆွေးနွေးဖူး၏။ လက်ရှိမြန်မာနိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရန် အာစီယံ၏ မူ(၅) ချက်မှာလည်း တွေ့ဆုံဆွေးနွေးရေးကို အခြေခံ၏။ အကယ်၍ တပ်မတော်က လက်ခံတွေ့ဆုံမည်ဆိုပါက NLDပါတီခေါင်းဆောင်များသည် အပြေးအလွှား သွားရောက်ဆွေးနွေးကြမည်သာ ဖြစ်၏။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်အနာဂါတ်အတွက် မြန်မာအစိုးရနှင့် မလွဲမသွေ တွေ့ဆုံဆွေးနွေးရမည်ဖြစ်၏။ ယခုအခါ တပ်မတော်က နိုင်ငံတော်အာဏာကို ရယူထား၍ တပ်မတော်နှင့် ဆွေးနွေးခြင်းသည် လက်တွေ့ကျ၏။ ထို့အပြင် တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရာ၌ မူဘောင်သတ်မှတ်မထားဘဲ စိတ်ကြိုက် ဆွေးနွေးနိုင်ကြောင်း လမ်းဖွင့်ထားရာ မိမိတို့၏ လိုအင်ဆန္ဒကို ပွင့်လင်းစွာ ဆွေးနွေးခွင့်ရမည် ဖြစ်၏။

ထို့ကြောင့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်မှ ဝါရင့်ရခိုင်နိုင်ငံရေးသမားဦးဦးလှစော ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်၍ တပ်မတော်နှင့် ဆွေးနွေးခြင်းမှာ ရခိုင်နိုင်ငံရေးကို လက်တွေ့ကျကျချဉ်းကပ်ခြင်းအဖြစ် ရှုမြင်မိပါသည်။