Justice For Arakan စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်၊ နံနက် (၉) နာရီ အချိန်ခန့်၌ ရခိုင်ပြည်၊ စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ ငါးဆောင်စုလမ်း၊ အိမ်အမှတ် (၁၁၁) တွင် နေထိုင်သော အဖ-ဦးစံရွှေမောင်၏သား မောင်ဦးကျော်နိုင် အသက် (၂၃) နှစ် ဆိုသူအား ပြည်သူ့အသက်အန္တရာယ်ခြိမ်းခြောက်မှု အပါအဝင် ဓားထိုးမှု (၁) မှု၊ ဓားခုတ်မှု (၁) မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှု (၁) မှု စသည့် ရာဇဝတ်ပြစ်မှုများဖြင့် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးခဲ့ပါသည်။
ထိုကဲ့သို့ ဖမ်းဆီးစဉ်အတွင်း တရားခံ မောင်ဦးကျော်နိုင်သည် တရားဥပဒေအရ ဆောင်ရွက်ချက်ကို ငြင်းဆန်ပြီး မိမိတို့၏ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဓားဖြင့်ပြန်လည်တိုက်ခိုက်သောကြောင့် သေနတ်ပစ်ဖောက်၍ ဖမ်းဆီးခဲ့ ရသကဲ့သို့ ၎င်း၏ ဆွေမျိုးတစ်ဦးဖြစ်သူ အဖ-ဦးမောင်သန်းထွန်း၏သား မောင်ဇော်မျိုးထွန်း (ခ) မောင်မြတ်ဦး၊ အသက် (၂၈) နှစ်သည်လည်း မောင်ဦးကျော်နိုင်အား ဖမ်းဆီးစဉ် မိမိတို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကြားမှနေ၍ ဓားဖြင့် ဝင်ရောက်တိုက်ခိုက် ခဲ့သောကြောင့် ၎င်းကိုပါ တပါတည်းခေါ်ဆောင်ခဲ့ရသည်။
ဖြစ်စဉ်မှာ တရားခံမောင်ဦးကျော်နိုင်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် စစ်တွေမြို့မှ အာနန်း အသက် (၁၇) နှစ် ဆိုသူအား အရှည် (၈) လက်မရှိ ဓားဖြင့် (၄) ကြိမ်တိုင်တိုင် ထိုးသွင်းခဲ့ပြီး၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင်လည်း တရားခံ မောင်ဦးကျော်နိုင်သည် စစ်တွေမြို့မှ ဦးမောင်လှချေ အသက် (၄၆) နှစ် ဆိုသူအား နောက်ကျောမှနေ၍ ဓား ဖြင့်ခုတ်ခဲ့သည့်အပြင် ၎င်းသည် မူးယစ်ဆေးဝါးများကိုပါ သုံးစွဲနေသူဖြစ်သောကြောင့် ပြစ်မှု နှင့် သက်ဆိုင်သော ရာဇဝတ်ကျင့်ထုံးများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။
ကနဦးစစ်ဆေးချက်အရ တရားခံမောင်ဦးကျော်နိုင်သည် ဖော်ပြပါ ပြစ်မှုများကို အမှန်တကယ် ကျူးလွန်မိကြောင်း ဝန်ခံထွက်ဆိုထားပြီးဖြစ်သည့်အပြင် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့၏ တရားစီရင်ရေးဆိုင်ရာ တရားရုံးများ၏ အစီ အရင်ကို ခံယူမည်ဟု ကတိပြုထားခဲ့သော်လည်း ၎င်း၏ဆွေမျိုးထဲမှ တစ်ဦးသည် သံရုံးများသို့ မဟုတ်တမ်းတရား လုပ်ကြံတိုင်တန်းခြင်း၊ စစ်ကောင်စီဖက်သို့ချဉ်းကပ်၍ မတရားမှုကို ဖုံးကွယ်ရန် မမှန်သတင်းပေးခြင်း၊ မိသားစုအား ကိုးဖြင့် ဆန့်ကျင်ဖက်အုပ်စု အသွင်ယူကာ တရားခံဖမ်းဆီးစဉ်က တာဝန်နှင့်လိုက်ပါဆောင်ရွက်ခဲ့ကြသည့် ရက္ခိုင် ပြည်သူ့အာဏာပိုင်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ခေတ္တနားနေခဲ့ကြသောအိမ်အား အုတ်ခဲများဖြင့်ပစ်ပေါက်ခြင်း၊ ရက္ခိုင့် တပ်တော်/ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် အပါအဝင် မိမိတို့၏ အဖွဲအစည်းများအား ရိုင်းပြစွာ ဆဲဆို စော်ကားခြင်း၊ မတရားပြုကျင့်ခံခဲ့ရသည့် နစ်နာသူတရားလိုများအပေါ် ခြိမ်းခြောက် ကြိမ်းဝါးခြင်းတို့ကို ဆက်တိုက် ပြုလုပ်ကျူး လွန်ခဲ့ကြသည်။
ရက္ခိုင်အမျိုးသားအဖွဲချုပ်၊ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့သည် ရခိုင်ပြည်အတွင်းနေထိုင်ကြသော ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေးအတွက် ပြည်သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် လူဆိုး လူရမ်းကားများ၊ ရာဇဝတ် အမှုအခင်းများကို အုပ်စုဖွဲ့ကျူးလွန်နေသူများ နှင့် တရားမဲ့ ပြုကျင့်နေသူများအား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဖမ်းဆီးထိန်းသိမ်း၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ပြည်သူ့ရဲ၊ တရားရေးဌာနတို့မှ စုံစမ်း စစ်ဆေးပြီး အပြစ်ပေး အရေးယူ ဆောင်ရွက်လျက် ရှိပါသည်။
တရားစီရင်ရေး၌လည်း တရားခံများ နှင့် တိုင်တန်းသူများ၏ တိုင်တန်းချက်၊ အခြေအနေ၏ လိုအပ်ချက်နှင့်အညီ လူတိုင်း တရားဥပဒေ၏ အကာအကွယ်ကိုရရှိရေး၊ တရားမျှတမှုရရှိရေးတို့အတွက် အကောင်းဆုံးကြိုးပမ်း ဆောင် ရွက်လျက်ရှိသည်။ ဥပဒေကိုဆန့်ကျင်၍ အုပ်စုဖွဲ့ မတရားအနိုင်ကျင့်ဗိုလ်ကျသည့်လုပ်ရပ်များ၊ ပကတိဖြစ်စဉ်ဖြစ် ရပ်များကို မျက်ကွယ်ပြုလျက် ပြစ်မှုကျူးလွန်ထားသော မိမိတို့သားသမီးဆွေမျိုးများကို အကာအကွယ်ပေးလို၍ အပြစ်မဲ့သူ လူတဖက်သားအပေါ် ကောက်ကျစ် ယုတ်မာစွာ မြေနိမ့်ရာလှံစိုက်လုပ်ဆောင်နေသူများ နှင့် ဥပဒေကို လက်တလုံးခြား လုပ်ပြီး ကြီးနိုင် ငယ်ညှဉ်း လုပ်ဆောင်နေသူများအား မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့အနေဖြင့် ပြည်သူလူထုအကျိုးကိုရှေးရှုပြီး တရားဥပဒေနှင့်အညီ ထိရောက် ပြတ်သားစွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
သို့ပါ၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ တရားစီရင်ရေးဌာနသည် လွတ်လပ်ပြီး တရားမျှတမှု ရရှိစေရေး၊ ရက္ခိုင့်တရား စီရင်ရေး သမာသမတ်ကျရေးတို့ကို ဦးတည်လျက် စတင် စီရင်ဆောင်ရွက်သည့် အချိန်မှစ၍ ယနေ့ အချိန်အထိ
မိမိတို့၏ တရားသူကြီးများ၊ ရှေ့နေများဖြင့် "တရားမျှတ၊ပြည်အာရက္ခ" ဆောင်ပုဒ်အတိုင်း တရားစီရင်ရေးကဏ္ဍ ကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ထုတ်ပြန်အပ်ပါသည်။
မှုခင်းရေးရာ သတင်းနှင့်ပြန်ကြားရေး
ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့
Source - https://bit.ly/3mA06j7




