![]() |
| မြန်မာဘာသာ |
အမှတ်၊ (၀၆/၂၀၂၁)
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး၌ စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၁၀၈) ဦးဆောင်သောတပ်များက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် ဒေသခံ အပြစ်မဲ့ပြည်သူ (၃၅) ဦးကျော်အား ကားပေါ်တင်၍ ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့်အပြင် ဖမ်းဆီးစဉ်က ညှိနှိုင်းရန်သွားရောက်ခဲ့ကြသော နယ်ခြားစောင့် တပ်ရင်း (၁၀၀၄) မှ တပ်ဖွဲ့ဝင် (၄) ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မိုက်ရူးရဲဆန်စွာ တပါတည်း ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ကြားသိရပါသည်။
ယခုကဲ့သို့သော လုပ်ဆောင်မှုများသည် စစ်ကောင်စီ၏ မြန်မာ့တပ်မတော်အနေဖြင့် စစ်မြေပြင်၌ စောင့်စည်းရမည့် စစ်ဥပဒေ၊ အရပ်သားများကို အကာအကွယ်ပေးရမည့် ဥပဒေများကို မျက်ကွယ်ပြုကာ လူသားမျိုးနွယ်အပေါ် ရည်ရွယ်ချက်ရှိရှိကျူးလွန်သည့် စစ်ရာဇဝတ်မှုများဖြစ်သည်။ အခြားတစ်ဖက်တွင် ဤကဲ့သို့သော လုပ်ရပ်များမှာ စစ်ကောင်စီ၏ မြန်မာ့တပ်မတော်အနေဖြင့် မိမိတို့၏ဒေသများ၌ လုပ်လေ့ လုပ်ထရှိသော လုပ်ရပ်တစ်ခုသာဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကြီးမားသောပြစ်မှုများကို ကြိမ်ဖန်များစွာ ပြောင်ပြောင်တင်းတင်း လက်ရဲဇက်ရဲ ကျူးလွန်နေခြင်းလည်းဖြစ်သည်။
![]() |
| တရုတ်ဘာသာ |
ခရစ္စမတ်အကြိုနေ့၌ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ပြီး ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူလူထုများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ စစ်ကောင်စီ၏ ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်များအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည့်အပြင် ကမ္ဘာ့နိုင်ငံကြီးများအနေနှင့်လည်း စစ်ကောင်စီကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို အမြန်ဆုံး ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သင့်ပါကြောင်း မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် သဘောထားထုတ်ပြန် ကြေညာအပ်ပါသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့
Source (1) - http://www.pslftnla.org
Source (2) - http://www.kokang123.com
Source (3) - https://www.arakanarmy.net


