သတ်မှတ်ထားသော တရားဝင်နာမည်နှင့် Logo များကို တိတိကျကျ မှန်မှန်ကန်ကန် သုံးစွဲပေးကြစေလိုကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော်မှ အသိပေးထုတ်ပြန်ချက်

Views



UNITED LEAGUE OF ARAKAN

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်

အမှတ် ၊ ( ၁၁/၂၀၂၂ )

၁၃၈၃ ခုနှစ် ၊ နတ်တော်လကွယ်နေ့

၂၀၂၂ ခုနှစ် ၊ ဇန်နဝါရီလ ( ၁ ) ရက်

အသိပေးထုတ်ပြန်ချက်


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် ( ULA / AA ) သည် အာရက္ခဒေသနေ ပြည်သူလူထု တစ်ရပ်လုံး၏ အမျိုးသားတန်းတူရေး ၊ အမျိုးသားလွတ်မြောက်ရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့် ၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားမျှတမှုရရှိရေးတို့အတွက် ရက္ခိတလမ်းစဉ်အတိုင်း တသဝေမတိမ်း ချီတက်နေသည့် ရက္ခိုင့်ရှေ့ဆောင်တော်လှန်ရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်ပါသည်။

မိမိတို့အနေဖြင့် “ ရက္ခိုင် ” ဟူသည် “ တိုင်းပြည်၊ နိုင်ငံ၊ အမျိုးသား ” ကို ရည်ရွယ်ပြီး၊ “ ရက္ခိုင့်တပ်တော် ” ဟူသည်မှာလည်း “ ရက္ခိုင်ပြည်သူလူထုတို့၏ တပ်တော်၊ ရက္ခိုင်ပြည်၏စစ်တပ် ” ဖြစ်သည်နှင့်အညီ ရက္ခိုင်ပြည်တွင် နေထိုင်သော လူမျိုးဘာသာမရွေး ရက္ခိုင်ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ရက္ခိုင့်အမျိုးသားတပ်တော်တစ်ရပ် ဖြစ်ပါသည်။

ယခုအခါ မိမိတို့နှင့်ဆက်ဆံနေသည့် တချို့သောအဖွဲ့အစည်းများ၊ မီဒီယာများ၊ လူပုဂ္ဂိုလ်များက မိမိတို့အဖွဲ့အစည်း၏ တရားဝင်နာမည်ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA )၊ ရက္ခိုင့်တပ်တော် ( AA ) နှင့် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ( Arakan People’s Authority - APA ) နာမည်များကို ခေါ်ဝေါ်သုံးစွဲကြရာတွင် သတိမမူ၍သော်လည်းကောင်း၊ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့်သော်လည်းကောင်း ၊ မူရင်းအမှန်ကို မသိ၍သော်လည်းကောင်း၊ ဖုန်း၊ ကွန်ပျူတာများ၌ ပုဒ်ဆင့်ပေါင်းရာတွင် ရှာဖွေမတွေ့၍သော်လည်းကောင်း မှားယွင်းစွာ သုံးစွဲနေကြသည်ကို တွေ့ရှိနေရပါသည်။

ယင်းကဲ့သို့ လွဲမှားစွာ သုံးစွဲခေါ်ဝေါ် နေခြင်းများသည် ကျွန်ုပ်တို့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် ( ULA / AA ) ၏ နိုင်ငံရေးရပ်တည်မှုသဘောထား၊ ဂုဏ်သိက္ခာနှင့် ကြိုးပမ်းဆောင်ရွက်နေမှုများအား အဓိပ္ပာယ်ကောက် လွဲချော်မှားယွင်းမှုများကို ဖြစ်ပေါ် စေပါသည်။ သို့ဖြစ်ပါ၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော် ( ULA / AA ) နှင့် ဆက်သွယ်ဆောင်ရွက်လုပ်ဆောင်ရာတွင် မိမိတို့သတ်မှတ်ထားသော တရားဝင်နာမည်ဖြစ်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( United League of Arakan - ULA )၊ ရက္ခိုင့်တပ်တော် ( Arakan Army - AA )၊ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ( Arakan People's Authority - APA ) ဟုသာ နှစ်ဖက်အပြန်အလှန် လေးစားမှုဖြင့် တိတိကျကျ မှန်မှန်ကန်ကန် သုံးစွဲပေးကြစေလိုကြောင်း သက်ဆိုင်ရာအဖွဲ့ အစည်းများအားလုံး၊ မီဒီယာများ နှင့် လူပုဂ္ဂိုလ်များအားလုံးသို့ အသိပေးထုတ်ပြန် အပ်ပါသည်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / ရက္ခိုင့်တပ်တော်

( ULA / AA )                      



Email - arakanarmy@protonmail.com

          - ulahq.office@protonmail.com


Website   - https://www.arakanarmy.net

VK            - https://vk.com/arakanarmyinfodesk

Telegram  - https://t.me/s/aainfodesk