![]() |
| ရခိုင်အမျိုးသားအလံ |
Arakan National Conference မှ ကူးယူဖော်ပြသည်။
ဗုဒ္ဓ ဉာဏံ သု ဒုလ္လဗ္ဘံ
ဓရမာနေ သရူပကံ
ဂုဏေန သကသဒိသံ
ဏမေ ကာရာ ပိတံ ဇိနံ
ပုညေနော နေန သဗ္ဗမ္ပိ
သမိဇ္ဈိတု ယထိစ္ဆိတံ။
သုဒုလ္လဗ္လံ အလွန်ရခဲစွာသော ဗုဒ္ဓ ဉာဏံ သဗ္ဗညုတဘုရားဉာဏ်ကို ဓရမာနေ ဆောင်ရွက်တော်မူသော ကိုယ်တော်ထင်ရှားရှိတော်မူစဉ် ဂု ဏေ န ဂုဏ်ကျေးဇူးအားဖြင့် သကသဒိသံ ကိုယ်တော်နှင့်ထပ်တူထပ်မျှဖြစ်သော သရူပကံ ကိုယ်တော်ကိုယ်စားဆင်းတုကို ဏာရာပိတံ ပြုစေတော်မူခဲ့သော ဇိနံ အောင်မြင်ခြင်းကျေးဇူးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ဏမေ ရှိခိုးပါ၏။ အနေန ပုညေန ဤသို့ရှိခိုးသောကောင်းမှုကြောင့် သဗ္ဗမ္ပိ အလုံးစုံသောဆုသည်လည်း ယထိစ္ဆိတံ အလိုရှိတိုင်း သမိဇ္ဈိတု ပြည့်စုံပါစေသတည်း။
ရခိုင်လူမျိုး
၁။ ရခိုင်ဒေသတွင် ကျောက်ကြမ်းခေတ် ရှိ - မရှိ မသိရှိရသေးသော်လည်း ကျောက်လယ်ခေတ်နှင့် ကျောက်ချောခေတ် ယဉ်ကျေးမှုရှိကြောင်းကိုမူ အထောက်အထားများအရ သိရှိရပါသည်။ ကျောက်လယ်ခေတ်နှင့် ကျောက်ချောခေတ်ပစ္စည်းများကို ရခိုင်ပြည် မြောက်ပိုင်းနှင့် တောင်ပိုင်းနေရာ အနှံ့အပြားတွင် တွေ့ရှိရပါသည်။ မြေပြင်တွင် သာမက လယ်ထွန်မြေဆွပြုလုပ်ရာမှလည်း တူးဖော် ရရှိခဲ့ကြပါသည် ။ ၄င်းကို မိုးကြိုးပေါက်ဆိန်ဟု ခေါ်တွင်ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကောင်စီက ပြုစုသည့်သမိုင်းတွင် ဖော်ပြသည်ဟု ရခိုင်သမိုင်းအလင်းပြကျမ်း ( ဆရာကြီး ဦးရွှေဇံ ) က ဖော်ပြပါသည် ။ ရခိုင်လူမျိုးသည် ဘီစီ - ၄ဝဝဝ ခန့် ကာလပင် ဖြစ်ထွန်းပေါ်ပေါက်လာသည့် လူမျိုးတစ်မျိုးဖြစ်သည်။ ဒွါရာဝတီခေတ် ၊ ပထမ ဝေသာလီခေတ်များ ထွန်းကားခဲ့ပြီး ပထမ ဓညဝတီခေတ် ၊ ဒုတိယ ဓညဝတီခေတ် ၊ တတိယ ဓညဝတီခေတ် ၊ ဝေသာလီ ( ကျောက်လှေကား ) ခေတ် ၊ လေးမြို့ခေတ် နှင့် မြောက်ဦးခေတ်များအဖြစ် အင်ပါယာနိုင်ငံတော်များ ပေါ်ပေါက်ခဲ့သည် ။ တတိယ ဓညဝတီခေတ် ဘုရင်စန္ဒသူရိယ မင်းကြီးလက်ထက်မှစ၍ ထေရဝါဒဗုဒ္ဓ သာသနာတော်ကို ယုံကြည်သက်ဝင်ခဲ့ကြပြီး ဝေသာလီခေတ် နှင့် လေးမြို့ခေတ်တို့တွင် သံဂါယနာ ( ၁ ) ကြိမ်စီတင်တော်မူခဲ့ကြသည်။ အမျိုးသားနိုင်ငံရေး ထွန်းကားပြီး စီးပွားရေး လူမှုရေး နှင့် ယဉ်ကျေးမှု ဘာသာသာသနာရေးတို့တွင် အိမ်နီးချင်း မဇ္ဈိမဒေသ အိန္ဒိယ နှင့် သီဟိုဠ် ( သီရိ လင်္ကာ ) နိုင်ငံတို့ နှင့် ကူးလူး ဆက်ဆံမှုများ တွင်တွင်ကျယ်ကျယ် ရှိခဲ့သည်။
ရခိုင်လူမျိုးနှင့် ဗုဒ္ဓဘာသာသာသနာတော်သည် ဒင်္ဂါးပြား တစ်ခု၏ ခေါင်း နှင့် ပန်းနှယ် ဖြစ် တည်ရှိနေပါသည်။
အမျိုးသားနေ့
၂။ ကမ္ဘာပေါ်တွင် လွတ်လပ်သည့် လူမျိုးအသီးသီးတွင် မိမိတို့လူမျိုးဂုဏ်ကို ဖော်ဆောင်နိုင်ရန် နေ့ထူးနေ့ မြတ်များ သတ်မှတ်လျှက် အောင်ပွဲသဘင်များကို နှစ်စဉ် ကျင်းပလေ့ရှိကြပါသည်။ ယင်းနေ့ရက်များမှာ - အမျိုးသားနေ့ ( National Day ) ၊ လွတ်လပ်ရေးနေ့ ( Independence Day ) ၊ နိုင်ငံထူထောင်သည့်နေ့ ( Founding Day ) နှင့် ဘုရင့်မွေးနေ့ ( Birthday of the King ) တို့ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့ကို နိုင်ငံလွတ်လပ်ရေး ဆုံးရှုံးခံရဖူးသူ လူမျိုးတိုင်း၌ တွေ့ရပါသည်။ နိုင်ငံထူထောင်နေ့ကို စနစ်တစ်ခုက အခြားစနစ်တစ်ခုသို့ ပြောင်းလဲထူထောင်သည့်အခါမှာ ကျင်းပပါသည်။ အမျိုးသားနေ့ကိုမူ သမိုင်းအစဉ်အလာ ကြီးမားရှည်လျားသော လူမျိုးများတွင် တွေ့ရပါသည်။ အထူးသဖြင့် နှစ်ပေါင်း ၃၀၀၀ က ၅၀၀၀ အထိ ရှည်ကြာလာခဲ့ သော ရခိုင်လူမျိုးအတွက် ဤသို့သော နေ့ရက်တစ်ရက်ကို မဖြစ်မနေ လိုအပ်လာခြင်းဖြစ်ပါသည်။ လက်ရှိအားဖြင့် ကမ္ဘာ့နိုင်ငံ ( ၃ဝ ) တွင် အမျိုးသားနေ့ သတ်မှတ်ကျင်းပလျှက်ရှိနေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မြန်မာနိုင်ငံအမျိုးသားနေ့ ၊ ရှမ်းအမျိုးသားနေ့ ၊ မွန်အမျိုးသားနေ့ ၊ ချင်းအမျိုးသားနေ့ တို့ကို ကျင်းပ နေသည်ကို တွေ့ရပါသည် ။
စစ်တွေပညာရှင်များစတင်
၃။ ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန်အတွက် စစ်တွေမြို့တွင် သမိုင်းပညာရှင်များပါဝင်သည့် ရဟန်းရှင်လူအဖွဲ့က ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် အမှတ် ( ၁ ) ထုတ်ပြန်ပြီး ရခိုင်ပြည်နယ်အတွင်းမှ လူထုပရိဿတ်များ၏ သဘောထားအကြံဉာဏ်များ ပေးပို့ကြရန် တောင်းခံခဲ့ပါသည် ။ တောင်းခံချက်အရ ဘာသာရေးနှင့်ဆက်နွယ်သည့် နေ့ ( ၅ ) ရက် ၊ နိုင်ငံရေးနှင့်ဆက်နွှယ်သည့် နေ့ ( ၁၃ ) ရက် ၊ စစ်ရေးနှင့်ဆက်နွယ်သည့် နေ့ ( ၃ ) ရက် ၊ နက္ခတ် ဗေဒင် ဘိသိက်နှင့် ပတ်သက်နေသည့် နေ့ ( ၁ ) ရက် စသည့် အကြံပြုစာစောင် ( ၂၇ ) စောင် နှင့် နှုတ်ဖြင့် အကြံပြုချက် အများအပြားကို ရရှိခဲ့ပါသည်။ ယင်းအထဲမှ အကြံပြုချက် ( ၂၂ )နေ့ ရက်ကို ရွေးထုတ်ခဲ့ကြပါသည်။ အသေးစိတ်ကို တင်ပြရမည်ဆိုပါလျှင် -
( က ) ဘာသာရေးနှင့်ဆက်နွှယ်သည့်နေ့ရက်
( ၁ ) ဂေါတမဘုရားသခင် အိန္ဒိယနိုင်ငံ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှနေ၍ ရခိုင်ပြည်သို့ ကြွချီတော်မူလာသော နေ့ ( မဟာသက္ကရာဇ် ၁၂၃ ခု ကဆုန်လဆန်း ၈ ရက် )
( ၂ ) စန္ဒသူရိယဘုရင်လက်ထက် ဘုရားရှင် ဓညဝတီသို့ ကြွလာပြီး မဟာမုနိကိုယ်စားတော်မြတ်ကို သွန်းလုပ် ပြီးစီးစေကာ ရခိုင်တစ်မျိုးသားလုံး ဗုဒ္ဓဘာသာ စဖြစ်စေသော နေ့ ( အဉ္စန ဖြိုကြွင်း သက္ကရာဇ် ၁၂၃ ခု ကဆုန်လပြည့်ကျော် ၁ ရက်၊ ကြာသပတေးနေ့ )
( ၃ ) မဟာမုနိဆင်းတုတော်ကို စတင်သွန်းလုပ်သောနေ့ ( ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ )
( ၄ ) မင်းဗာဘုရင် ဘင်္ဂါ ( ၁၂ ) မြို့ကို တိုက်ခိုက်သိမ်းယူပြီး ဗုဒ္ဓဂယာအနီး မဟာဗောဓိစေတီမှ မြတ်ဗုဒ္ဓဓာတ်မွေတော် ( ၈၄ ဝဝဝ ) ကို ရရှိသဖြင့် ရခိုင်သို့ ပင့်လာပြီး ရန်အောင်ဇေယျ သျှစ်သောင်း ပုထိုးတော်ကြီးကို စတည်တော်မူသော နေ့ ( သက္ကရာဇ် ၈၉၇ ခု တန်ဆောင်မုန်းလပြည့် နေ့ ( စနေနေ့ )
( ၅ ) လေးမြို့ခေတ် မင်းထီးဘုရင်သည် ဘင်္ဂါ ( ၁၂ ) မြို့ကို တိုက်ခိုက်အောင်မြင်ပြီး မဟာဗောဓိစေတီကို ပြုပြင်မွမ်းမံခဲ့သည့်နေ့ ( ရခိုင်သက္ကရာဇ် ၆၆၀ ခု တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့ )
( ခ ) နိုင်ငံရေးနှင့်ဆက်နွှယ်သည့်နေ့ရက်
( ၁ ) ရခိုင်နှစ်ပါတီဖြစ်သော ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ရခိုင်အမျိုးသားညီညွတ်ရေးကို စံနမူနာပြအဖြစ် ပေါင်းစည်းခဲ့ကြသည့် ( ၆ - ၃ -၂၀၁၄ ကြာသပတေးနေ့ )
( ၂ ) မင်းစောမွန် မြောက်ဦးမြို့ကို စတည်သော နေ့ ( ရခိုင်သက္ကရာဇ် ၇၉၂ ခု တော်သလင်းလဆန်း ၁ ရက်နေ့ ၊ တနင်္ဂနွေနေ့ )
( ၃ ) အင်္ဂလိပ်ခေတ် ရခိုင်တိုင်းလုံးဆိုင်ရာအစည်းအရုံး ဖွဲ့စည်းသည့်နေ့ ( ၁၉၃၉ ခုနှစ် မေလ ၂ ရက် )
( ၄ ) ဖဆပလခေတ် ရတညပါတီ တည်ထောင်သည့်နေ့
( ၅ ) ဆရာတော် ဦးဥတ္တမ မွေးဖွားသောနေ့ ( ၁၈၇၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ )
( ၆ ) မြေပုံကြာအင်းတောင် ညီလာခံကျင်းပသည့် နေ့ ( ၁၃၀၉ ခုနှစ် တန်ခူးလဆန်း ၁၃ ရက် ၊ ၁၉၄၇ ခုနှစ် ၊ ဧပြီလ ၃ ရက် )
( ၇ ) ( OIC ) ကို ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် ကန့်ကွက်ဆန္ဒပြသည့်နေ့ ( ၂၀၁၂ ခု နိုဝင်ဘာလ ၁၅ ရက် )
( ၈ ) ရသေ့တောင်ညီလာခံ ကျင်းပသောနေ့
( ၉ ) ဝေသာလီမြို့ကို မဟာသူရိယတိုင်းစန္ဒြားမင်း တည်ထားတော်မူခဲ့သည့်ရက် ( သက္ကရာဇ် ၁၅၂ ခု ကဆုန်လ )
( ၁၀ ) စန္ဒသူရိယဘုရင်ကြီးမွေးနေ့ ( မဟာသက္ကရာဇ် ၇၂ ခု ပြာသိုလ ပြည့် နေ့ )
( ၁၁ ) ရခိုင်ဘုရင် မင်းခရီ နှင့် အင်းဝဘုရင်တို့ ဖိုးခေါင်တောင်တွင် ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ နယ်နိမိတ်ပိုင်းခြား သတ်မှတ်သောနေ့ ( သက္ကရာဇ် ၈၁၆ ခု တန်ခူးလဆန်း ၆ ရက် ၊ တနင်္လာနေ့ )
( ၁၂ ) ရခိုင်တိုင်းနိုးကြားရေးအစည်းအရုံးကို ဖျက်၍ ရခိုင်တိုင်းရင်းသားအစည်းအရုံးကြီးကို စတင်သော နေ့ ( ၁၉၃၉ ခု မေလ ၂ ရက် )
( ၁၃ ) ၁၇၈၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် ရခိုင်နိုင်ငံကျဆုံးရက်
( ဂ ) စစ်ရေးနန့်ဆက်နွယ်သည့်နေ့ရက်
( ၁ ) ပေါ်တူဂီရေတပ်ကို ဘင်္ဂလားပင်လယ်ပြင်တွင် ရခိုင်ရေတပ်မှ ချေမှုန်းအောင်မြင်သော နေ့
( ၂ ) ဘုရင် မင်းဗာကြီးလက်ထက် ဘင်္ဂါ ( ၁၂ ) မြို့ကို သိမ်းပိုက်ရန် အောင်တပ် ထွက်တော်မူသော နေ့
( ၃ ) ရခိုင်လောင်းကြက်မြို့ထီးနန်းကို မင်းစောမွန် ပြန်လည်သိမ်းပိုက်သော နေ့ ( အေဒီ ၁၄၂၉ ခု ၊ ကဆုန်လပြည့်ကျော် ၁ ရက် ၊ ကြာသပတေးနေ့ )
( ဃ ) နက္ခတ် ဗေဒင် ဘိသိက်နှင့်ပတ်သက်သောနေ့ရက်
( ၁ ) မင်းဗာဘုရင် ဘိသိက်ခံသည့်နေ့ ( ကုဆန် လဆန်း ၅ ရက် )
၄။ ယင်းကော်မတီကပင် အစည်းအဝေး ( ၇ ) ကြိမ်တိုင်တိုင် ပြုလုပ်ပြီး မူဝါဒ ( ၁ဝ ) ရပ် ချမှတ်ကာ အပြီးသတ် စီစစ်လျာထားသည့် နေ့ရက် ( ၄ ) ရက်ကို အမျိုးသားလာခံ ( ကျောက်ဖြူ ) သို့ ပေးပို့ခဲ့ပါသည်။
( က ) ရခိုင်ဘုရင် မင်းခရီ နှင့်အင်းဝဘုရင်တို့ ဖိုးခေါင်တောင်တွင် ငြိမ်းချမ်းရေး နှင့် အချုပ်အခြာအာဏာ နယ်နိမိတ် ပိုင်းခြားသတ်မှတ်သော နေ့ ( တန်ခူးလဆန်း ၆ ရက် )
( ခ ) ရခိုင်ခေတ်သစ်တစ်ခုတွင် ရခိုင်အမျိုးသား တစ်ရပ်လုံး ၊ မြေပေါ် မြေအောက် နိုင်ငံရေးအင်အားစု အားလုံး စုစည်းမိသော နေ့ ( ရခိုင်အမျိုးသား ညီလာခံ - ကျောက်ဖြူ စတင်ကျင်းပ သော နေ့ ၊ သို့မဟုတ် ပြီးစီးသောနေ့ ဧပြီလ ၂၇ ရက် ၊ ၂၀၁၄ ခုနှစ် / ၁၃၇၆ ခု တန်ခူးလ ဆုတ် ၁၃ ရက် )
( ဂ ) ဂေါတမဗုဒ္ဓ ရခိုင်ပြည်သို့ ကြွရောက်တော် မူသောနေ့ ( တန်ခူးလဆန်း ၈ ရက် )
( ဃ ) ရခိုင်ပြည်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂလီ အမည်လိမ် တိုက်ဖျက်ရေး ရခိုင်တစ်မျိုးသားလုံး ပါဝင်သော ကော်မတီမှ ဦးဆောင်၍ သပိတ်တိုက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်သောနေ့ ( မတ်လ ၊ ၃၀ ရက် ၊ ၂၀၁၄ / ၁၃၇၅ ခု တပေါင်းလ ပြည့် ကျော် ၁၅ ရက် )
စာတမ်းလက်ခံစိစစ်ရေးကော်မတီ ( ရန်ကုန် )
၅။ ရခိုင်အမျိုးသားညီလာခံ ( ကျောက်ဖြူ ) ၏ စာတမ်းလက်ခံစိစစ်ရေးကော်မတီ ( ရန်ကုန် ) သည် ရခိုင်အမျိုးသားများထံမှ အကြံဉာဏ်များကို တောင်းခံရာတွင် လူပုဂ္ဂိုလ်တစ်ဦးချင်း အကြံဉာဏ် ( ၂ ) စောင်ကို ရရှိခဲ့ပြီး ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှုကော်မတီ ( ယာယီ ) ( စစ်တွေ ) က ယင်းအကြံပြုချက် ( ၄ ) နေ့ နှင့် တစ်ဦးချင်း အကြံပြုချက် ( ၃ ) စောင်ကို ပေါင်းစည်းလျှက် မူဝါဒ ( ၁၀ ) ရပ် ချမှတ်ကာ စိစစ်လေ့လာပြီးနောက် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရန် သင့်လျော်သည့် နေ့ရက် ၄ ရက်ကို အဆိုပြုခဲ့ပါသည်။ အောက်ပါ နေ့ရက်များ ဖြစ်ပါသည် -
( က ) မဟာမုနိရုပ်ရှင်တော်မြတ်ကို သွန်းလောင်းပြီးစီးသောနေ့
( ခ ) ဆရာတော် ဦးဥတ္တမ မွေးနေ့
( ဂ ) ဘုရင်မင်းစောမွန် မြောက်ဦးမြို့ကို စတင်တည်သည့် နေ့
( ဃ ) ရခိုင်ဘုရင် မင်းခရီ နှင့် အင်းဝဘုရင်တို့ ဖိုးခေါင်တောင်တွင် ငြိမ်းချမ်းရေး နှင့် အချုပ်အခြာအာဏာနယ်နိမိတ် ပိုင်းခြားသတ်မှတ်သော နေ့ ( တန်ခူးလဆန်း ၆ ရက် )
ရခိုင်အမျိုးသားနေ့သတ်မှတ်ရေးကြိုးပမ်းမှုကော်မတီ
၆။ စာတမ်းလက်ခံစိစစ်ရေးကော်မတီ ( ရန်ကုန် ) နှင့် ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှုကော်မတီ ( ယာယီ ) ( စစ်တွေ ) တို့သည် ဧပြီလ ၂၇ ရက်နေ့တွင် တွေ့ဆုံပြီး ဦးဆောင်ကော်မတီကို တင်ပြသည့်အခါ ဦးကျော်စိန် ခေါင်းဆောင်သော ရခိုင်အမျိုးသားနေ့ သတ်မှတ်ရေး ကြိုးပမ်းမှု ကော်မတီကို ၂၇ - ၄ -၂၀၁၄ ရက်စွဲဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။ ယင်းကော်မတီသည် စိစစ် ရွေးချယ်ရေးဆိုင်ရာ မူဝါဒ ( ၈ ) ရပ် ချမှတ်လျှက် ဧပြီလ ၂၇ ၊ ၂၈ ရက်နေ့များတွင် အစည်းအဝေး ( ၄ ) ကြိမ် ကျင်းပကာ အပြီးသတ်အဆိုပြု နေ့ ( ၃ ) နေ့ကို လျာထားတင်ပြခဲ့ပါသည်။ ယင်းနေ့ ( ၃ ) နေ့ မှာ -
( က ) မဟာမုနိရုပ်ရှင်တော်မြတ်ကို သွန်းလောင်းပြီးစီးသောနေ့ ( အဉ္စန ဖြိုကြွင်းသက္ကရာဇ် ၁၂၃ ခု ကဆုန်လပြည့်ကျော် ၁ ရက် )
( ခ ) ရခိုင်ခေတ်သစ်တစ်ခုတွင် ရခိုင်အမျိုးသားတစ်ရပ်လုံး မြေပေါ် မြေအောက် နိုင်ငံရေးအင်အားစု အားလုံး စုစည်းမိသော နေ့ ( ရခိုင်အမျိုးသားညီလာခံ - ကျောက်ဖြူ စတင်ကျင်းပ သော နေ့ ၊ တာ ကူးလပြည့်ကျော် ၁၃ ရက် )
( ဂ ) ဘုရင်မင်းစောမွန်မြောက်ဦးမြို့တော်ကို စတင် တည်ထောင်သော နေ့ ( ကောဇာသက္ကရာဇ် ၇၉၂ ခု တော်သလင်း လဆန်း ၁ ရက် ) တို့ ဖြစ်ပါသည်။
ရှင်းလင်းတင်ပြ
၇။ အထက်ပါ ရက် ( ၃ ) ရက်ကို ရရှိခဲ့ပြီးနောက် ကော်မတီသည် ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆရာတော်ကြီးများနှင့် မြို့နယ်ကိုယ်စားလှယ်များကို ချပြခဲ့ပြီး မြို့နယ်အလိုက်ဆန္ဒပြုရန် နည်းစနစ် ကိုပါရှင်းပြခဲ့ပါသည်။ ဆန္ဒပြုရမည့် အချိန်ကာလကို ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့နံနက် ( ၉ ) နာရီ အချိန်အထိ သတ်မှတ်ပေးနိုင်ခဲ့ပါသည်။
ညီလာခံတွင်ကြေညာ
၈။ ရခိုင်အမျိုးသားနေ့ သတ်မှတ်နိုင်ရန် မြို့နယ်များက ပြန်လည် ပေးပို့လာသည့် ဆန္ဒပြုလွှာများကို ရေတွက်ပြီး မေလ ၁ ရက်နေ့ ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံ ( ကျောက်ဖြူ ) သို့ တင်ပြခဲ့ပါသည်။ အောက်ပါအတိုင်း ဆန္ဒမဲ ရရှိခဲ့ကြပါသည် -
( က ) မဟာမုနိရုပ်ရှင်တော်မြတ်သွန်းလောင်း အောင်မြင်သောနေ့ကို ထောက်ခံသည့် မြို့နယ် ၁၂ မြို့နယ်
( ခ ) ရခိုင်အမျိုးသားညီလာခံ ( ကျောက်ဖြူ ) ကျင်းပသောနေ့ကို ထောက်ခံသည့် မြို့နယ် ၄ မြို့နယ်
( ဂ ) မင်းစောမွန်ဘုရင် မြောက်ဦးမြို့ တည်ထောင်သည့်နေ့ကို ထောက်ခံသည့် မြို့နယ် ၁ မြို့နယ်
၉။ ရခိုင်အမျိုးသားညီလာခံ ( ကျောက်ဖြူ ) က မဟာမုနိရုပ်ရှင်တော်မြတ်သွန်းလောင်း အောင်မြင်သောနေ့ကို ရခိုင်အမျိုးသားနေ့ အဖြစ် ရွေးချယ်ကြောင်း ကြေညာခဲ့ပါသည်။
၁၀။ မဟာမုနိရုပ်ရှင်တော်မြတ်နှင့်ပတ်သက်၍ အချက်တစ်ချက် တင်ပြလိုပါသည်။ မဟာမုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်တော်မူသော ကာလ ဘီစီ ၅၁၇ ကို သမိုင်းပညာရှင်တစ်ချို့က မဖြစ်နိုင် ၊ ယင်းစဉ်က ဤမျှ မြင့်မားသည့် ကြေးသွန်း ပညာရပ်ကို မရရှိနိုင်ဟူသော လက်ရှိ ရခိုင်လူမျိုး မွဲတေနေသည့် အနေအထားကို ကြည့်ပြီး လေ့လာသုံးသပ်ကြသည်ကို တွေ့ရပါသည်။ ကြေးသွန်းအတတ်ပညာသည် ဘီစီ ၄၅၀ - ၄ဝဝ ကာလ ကပင် ရှိနေပြီ ဖြစ်ပါသည်။ ဂရိနိုင်ငံမြို့တော် အေ သင်မြို့သားတို့၏ အထွတ်အမြတ်ထားရာ နတ်ဘုရားရုပ်တုကြီးများ Acropolis နတ်ဘုရားကျောင်းများကို တောင်ထိပ်ဖျား များတွင် စိုက်ထူထားသည်ကို တွေ့မြင်နေကြရပြီဖြစ်ပါသည်။ ဤအချက်သည် ယင်းစဉ်ကပင် ကြေးသွန်းပညာ ပေါ်နေပြီဆိုသည်ကို ထောက်ပြနေခြင်းဖြစ်ပါသည်။ စာရေးဆရာကြီး Gorden Stowel 's The book of knowledge , Vol.1 နှင့် ဆရာကြီးဦးရွှေဇံ ရေးသားသည့် " ရခိုင်သမိုင်းအလင်းပြကျမ်း " တို့တွင် လေ့လာနိုင်ကြောင်း တင်ပြလိုပါသည်။
၁၁။ ရခိုင်အမျိုးသားနေ့သည် ရခိုင်အမျိုးသားတစ်ရပ်လုံး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း ၊ ရခိုင်လူမျိုး၏ ဂုဏ်အင်္ဂါရပ်ကို ပြည့်စုံစေခြင်းဖြစ်သဖြင့် ရခိုင်အမျိုးသားများက နှစ်စဉ် မပျက်မယွင်း ကျင်းပသွားရန် တိုက်တွန်းအပ်ပါသည်။
အမျိုးသားညီလာခံဖြစ်မြောက်ရေးဦးဆောင်ကော်မတီ


