
၁၉ဝ၄ ခုနှစ်၊ ၁၉ဝ၅ ခုနှစ်တွင် ရန်ကုန်မြို့ မက်သဒစ် ယောကျ်ားကလေး ကျောင်းတွင် ကျောင်းဆရာကြီး အဖြစ် လည်းကောင်း၊ ၁၉ဝ၅ ခုနှစ်မှ ၁၉ဝ၈ ခုနှစ် အထိ ရန်ကုန်မြို့ အစိုးရ ဟိုက်စကူးကျောင်း၌ အလယ် တန်းနှင့် အထက်တန်း ဆရာအဖြစ် လည်းကောင်း လုပ်ကိုင်ခဲ့သည်။
ဆာပေါ်ထွန်းသည် ပညာရေး လောက၌ ဆောင်ရွက်ပြီးနောက် ၁၉ဝ၈ ခုနှစ်မှ ၁၉၁၂ ခုနှစ်ထိ ချိ(ပ်)ကုတ် ရုံးတော်ကြီးတွင် စကားပြန် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၂ ခုနှစ်မှ ၁၉၂၁ ခုနှစ်အထိ နှစ်များတွင် မြို့ ပိုင်၊ အခွန်ဝန်၊ နယ်ပိုင် စသော ဗြိတိသျှ အစိုးရ၏ အုပ်ချုပ်ရေး ရာထူးများတွင် ဝင်ရောက် အမှုထမ်းခဲ့သည်။ ယင်းသို့ အုပ်ချုပ်ရေးပိုင်းတွင် ထမ်းရွက်စဉ် ပထမ ကမ္ဘာစစ်ကြီး အတွင်း ဗြိတိသျှတို့ စစ်အောင်မြင်ရေး အတွက် အထူး အကူအညီ ပေးခဲ့၍ ဆုတံဆိပ်များ ချီးမြှင့်ခြင်း ခံရသည်။ ၁၉၁၉ ခုနှစ်တွင် အမှုထမ်းကောင်း တံဆိပ်ရ မင်းဘွဲ့ကိုလည်း ရရှိခဲ့သည်။
ထို့နောက် ဗြိတိသျှ အစိုးရ အမှုထမ်း အဖြစ်မှ နုတ်ထွက်လိုက်ပြီး ၁၉၂၃ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ သွား၍ ဝတ်လုံပညာ သင်ကြား တတ်မြောက်ခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လာကာ ဝတ်လုံ လိုက်ရင်း နိုင်ငံရေး နယ်ပယ်ထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် ရမည်းသင်း မြောက်ပိုင်း မဲဆန္ဒနယ်မှဥပဒေပြု ကောင်စီ အမတ် အဖြစ် အရွေးခံရသည်။
၁၉၂၅ ခုနှစ်မှ ၁၉၂၈ ခုနှစ် အထိ ဥပဒေပြု ကောင်စီ ဒုဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ရန်ကုန်မြို့ မြူနီစီ ပယ် ကော်ပိုရေးရှင်း၏ အဖွဲ့ဝင် လူကြီး တဦး အဖြစ်ဖြင့် ၁၉၂၇ ခုနှစ်မှ ၁၉၃၂ ခုနှစ် အထိ ဆောင်ရွက်ခဲ့ သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန် မြို့တော်ဝန် ဖြစ်လာသည်။
ဤသို့လျှင် ဆာပေါ်ထွန်းသည် မြန်မာနိုင်ငံရေး လောကတွင် တဖြည်းဖြည်း ထင်ရှားလာသည့် အလျောက် ၁၉၂၅ ခုနှစ်မှ ၁၉၂၇ ခုနှစ် အထိ ‘သရာဇပါတီ’ ၏ ဒုတိယခေါင်းဆောင် ဖြစ်လာသည်။ ထို့ပြင် ပြည်သူပါတီ၊ နှစ်ဆယ့်ခုနှစ်ဦး အဖွဲ့ စသည့် ပါတီများ၌လည်း အရေးပါသော အမှုဆောင် တဦး ဖြစ်လာသည်။ ၁၉၃၂ ခုနှစ်မှ ၁၉၃၅ ခုနှစ် အထိ ထိပ်တန်း မြန်မာ နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော သမ္မတ ဦးချစ်လှိုင်၊ ဦးမြတ်သာထွန်းတို့နှင့် အတူ ‘လှိုင်၊ မြတ်၊ ပေါ်’ ပါတီကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။ အိန္ဒိယပြည်နှင့် မြန်မာ ပြည် တွဲရေး ခွဲရေး ပြဿနာ ပေါ်ပေါက်လာသော အခါ တွဲရေးဘက်မှ ဆောင်ရွက်ခဲ့သည်။
၁၉၃၇ ခုနှစ်တွင် ဗြိတိသျှ ပါလီမန်က မြန်မာပြည် ဥပဒေကြမ်းကို စိစစ် ရေးဆွဲရန် တွဲဖက် ကော်မတီ တခု ဖွဲ့စည်းသည်။ ထိုတွဲဖက် ကော်မတီနှင့် တိုင်ပင် ဆွေးနွေးရန် မြန်မာနိုင်ငံ ကိုယ်စားလှယ်များကို ဘိလပ်သို့ ခေါ်ရာ ကိုယ်စားလှယ် အဖွဲ့တွင် ‘လှိုင်-မြတ်-ပေါ်’ ပါတီနှင့် ‘ဆင်းရဲသား ပါတီ’ တို့၏ ကိုယ်စား ဆာပေါ်ထွန်း လိုက်ပါ သွားခဲ့သည်။
မြန်မာပြည်ကို အိန္ဒိယပြည်မှ ခွဲထုတ်လိုက်သော အခါ ၉၁ ဌာန ဟူသော အုပ်ချုပ်ရေးသစ်ဖြင့် စတင်အုပ်ချုပ် ရသည်။ ပထမဆုံးအကြိမ် ဥပဒေပြု လွှတ်တော် ရွေးကောက်ပွဲများကို ၁၉၃၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပ သည်။ ဆာပေါ်ထွန်းသည် ဦးချစ်လှိုင် ပါတီဝင် အဖြစ် ပခုက္ကူ ခရိုင် ရေစကြို မဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ထိုအချိန်တွင် ဆာပေါ်ထွန်းသည် ဦးချစ်လှိုင် ပါတီ၏ ခေါင်းဆောင် ဖြစ်သည်။
ထိုအခါတွင် ဒေါက်တာ ဘမော် ခေါင်းဆောင်၍ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းခဲ့သည်။ ထိုညွန့်ပေါင်း အစိုးရတွင် ဆာပေါ်ထွန်းသည် ပြည်ထဲရေး ဝန်းကြီးနှင့် တရားရေး ဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဗြိတိသျှ အစိုးရက ဦးပေါ်ထွန်းကို ‘ဆာ’ ဘွဲ့ဖြင့် ချီးမြှင့်သည်။ ယင်းမှစ၍ ဆာပေါ်ထွန်းဟု ခေါ်တွင် လာကြ သည်။ ထိုအချိန်တွင် ဥရောပ၌ စစ်ယမ်းအိုးကြီ ပေါက်ကွဲလုနီး ဖြစ်နေသည်။ မြန်မာပြည်တွင်လည်း မျိုးချစ် စိတ်ဓာတ် ထက်သန်ခြင်း ပြင်းပြလာကာ လှုပ်ရှားမှုများ များပြားလာသည်။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားအရေးများ ပြင်းထန်လာသည်။ တစ်နိုင်ငံလုံး ဆူဆူပူပူဖြစ်လာသဖြင့်ဒေါက်တာဘမော်ညွန့်ပေါင်း အစိုးရသည် ၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြုတ်ကျလေသည်။
![]() |
| ငယ်စဉ်အခါက ဆာပေါ်ထွန်း |
ထိုအခါ ဦးပု ခေါင်းဆောင်သော ညွန့်ပေါင်း အစိုးရ တက်ပြန်သည်။ ဆာပေါ်ထွန်းသည် ထိုအစိုးရ အဖွဲ့တွင် မြေနှင့် အခွန်တော်ဌာနဝန်ကြီး အဖြစ် ပါဝင်ရပြန်သည်။ ဦးပုအစိုးရအဖွဲ့သည် ၁၉၄ဝ ပြည့်နှစ်တွင် ပြုတ်ကျ ပြန်၍ ဂဠုန်ဦးစောအစိုးရအဖွဲ့ တက်ပြန်သည်။ ထိုအဖွဲ့တွင်လည်း ဆာပေါ်ထွန်းသည် မြေနှင့် အခွန်တော် ဌာနဝန်ကြီးအဖြစ်ဆောင်ရွက်ရသည်။ ၁၉၄၁ခုနှစ် နောက်ပိုင်းတွင်ဂဠုန်ဦးစောဘိလပ်သွာစဉ် ဆာပေါ်ထွန်း သည် မြန်မာ အစိုးရအဖွဲ့၏ ခေါင်းဆောင် ခေတ္တ နန်းရင်းဝန် အဖြစ် ဆောင်ရွက်ရသည်။ ၁၉၄၂ ခုနှစ်၊ ဇန်န ဝါရီလ မှစ၍ ဆာပေါ်ထွန်းသည် မြန်မာပြည် နန်းရင်းဝန် အဖြစ် ဆောင်ရွက်ခဲ့သည်။
ထိုအတောအတွင်းဒုတိယကမ္ဘာစစ်ကြီးသည် ကမ္ဘာ့အရှေ့ဘက်ခြမ်းသို့ပျံ့နှံ့လာသည်။ဂျပန်တို့၏ စစ်ကြောင်း သည် မြန်မာပြည်ဘက်သို့လည်း ရောက်ရှိ လာခဲ့သည်။ ထိုအခါ ဗြိတိသျှ အစိုးရသည် မြန်မာပြည် အစိုးရ အဖွဲ့အား ၁၉၄၂ ခု နှစ်ဦးပိုင်းတွင် အိန္တိယပြည် ဆင်းမလားမြို့သို့ ရွှေ့ပြောင်း စေခဲ့သည်။
ထို့ကြောင့် ဆာပေါ်ထွန်း အစိုးရ အဖွဲ့သည် အိန္ဒိယပြည်သို့ ပါသွားကာ ဆင်းမလားမြို့၌ အဝေးရောက် မြန်မာပြည် အစိုးရအဖွဲ့ရုံးကို ဖွင့်လှစ်ထားသည်။ ဒုတိယကမ္ဘာ့စစ်ကြီး ပြီးဆုံးသောအခါ မြန်မာပြည် အတွက် အုပ်ချုပ်ရေး စီမံကိန်းများကို ဆင်းမလားမြို့၌ပင် ရေးဆွဲခဲ့သည်။
ဆာပေါ်ထွန်းသည် မြန်မာပြည်နန်းရင်းဝန် အဖြစ် ၁၉၄၃ ခုနှစ်၊ ဧပြီလ အထိ ဆောင်ရွက်ခဲ့သည်။ ထို့နောက် မြန်မာပြည် ဘုရင်၏ အကြံပေး အရာရှိ အဖြစ် ဆက်လက် ဆောင်ရွက်သည်။ မြန်မာပြည်ကို မဟာမိတ်တပ် များက ပြန်လည် သိမ်းပိုက်ပြီးနောက် ၁၉၄၅ ခုနှစ်၊ အောက်တိုဘာလတွင် စစ်အုပ်ချုပ်ရေးကို ရပ်စဲလိုက် သည်။ အိန္ဒိယပြည်သို့ စစ်ပြေးခဲ့သော မြန်မာပြည် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ်သည် မြို့ပြ အုပ်ချုပ် ရေးကို လက်ခံရန် မြန်မာပြည်သို့ ပြန်လာသည်။ ဆာပေါ်ထွန်းသည် ဆာဒေါ်မန်စမစ်၏ အတိုင်ပင်ခံ အမှု ဆောင် အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် ၁၉၄၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည်။ ဘုရင်ခံ၏ အတိုင်ပင်ခံ အမှုဆောင် အဖွဲ့တွင် ဆာပေါ်ထွန်း၊ ဆာထွန်းအောင်ကျော်၊ သခင် ထွန်းအုပ်၊ ဦးအေး၊ ဦးဘအုန်း၊ ဦးလွန်း၊ ဦးပု (သာယာဝတီ)၊ ဦးမောင်မောင်တို့ ပါဝင်သည်။ ထိုအချိန် မြန်မာ တိုင်ရင်းသားတို့သည် နိုင်ငံ လွတ်လပ် ရေး စိတ်ဓာတ် အလွန် တက်ကြွနေသည်။ ပုလိပ် သပိတ်၊ အမှုထမ်းပေါင်းစုံ သပိတ် စသည်များ ပေါ်ပေါက် ကာ ဗြိတိသျှ အစိုးရအား မကြုံစဖူး အုံကြွ၍ ဆန့်ကျင်ဘက် ပြုနေကြသည်။ လုံးဝ လွတ်လပ်ရေး ပေးရန် အရေးဆိုကြသည်။ အစိုးရ ဆန့်ကျင်ဘက် လုပ်ငန်း အားလုံးကို ဗိုလ်ချုပ် အောင်ဆန်းက ဦးဆောင်ဦးရွက် ပြုခဲ့သည်။ ထို့ကြောင့် ဗြိတိသျှ အာဏာပိုင်တို့သည် ဆာဒေါ်မန်စမစ်အား ပြန်ခေါ်ပြီး နောက်ဆုံး ဆာဟူး ဗတ်ရန့်အား မြန်မာပြည် ဘုရင်ခံ အဖြစ် ခန့်ထားသည်။
ဆာဟူးဗတ်ရန့်သည် အတိုင်ပင်ခံ အမှုဆောင် ဝန်ကြီး အဖွဲ့ကို ပြန်လည် ဖွဲ့စည်းရာ ထိုစဉ်က လူထု၏ တခဲနက် ထောက်ခံမှု ရရှိသော ဖဆပလ ခေါင်းဆောင်းကြီးများ ပါဝင်လာသည်။ ဆာပေါ်ထွန်း မပါဝင်တော့ ချေ။
ဆာပေါ်ထွန်းသည် ထိုစဉ် အခါက ဖဆပလ အဖွဲ့မှ ခေါင်းဆောင်၍ လုံးဝ လွတ်လပ်ရေး ပေးရန် တောင်း ဆိုခြင်းကိုမှု ထောက်ခံခဲ့သည်။ထို့နောက်ဆာပေါ်ထွန်းသည် နိုင်ငံရေးမှ အနားယူပြီးလျှင် ငြိမ်သက် အေးချမ်း စွာ နေထိုင်ခဲ့သည်။ ဆာပေါ်ထွန်းသည် ၁၉ဝ၄ ခုနှစ်တွင် မြန်မာ အမျိုးသမီး ဒေါ်ထွေးနှင့် လက်ဆက်ခဲ့ပြီး သားတယောက် ရသည်။ ဒေါ်ထွေးသည် ၁၉၃၁ ခုနှစ်တွင် အနိစ္စ ရောက်သည်။
၁၉၃၂ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု အိုဟိုင်းအိုး ပြည်နယ်၊ ကလိဗလန်းမြို့မှ ဆာရာ အယ်လစ်ဇ မတ် ဂျီဝစ်နှင့် လက်ထပ်ခဲ့သည်။ သမီးတယောက် ရခဲ့သည်။
ဘ၀နိဂုံး
နန်းရင်းဝန်ဟောင်း ဆာပေါ်ထွန်းသည် ၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ နေအိမ်၌ ကွယ်လွန်သွားသည်။
ကိုးကား - ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် စပယ်ဦး စာပေ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (တတိယ အကြိမ်)


